တနင်္လာ၊ အောက်တိုဘာလ ၇ရက်၊ ၂၀၂၄

တိုက်ပွဲပြင်းထန်နေသည့် ဂွမြို့နယ်တွင် စစ်ရှောင်တစ်သောင်းကျော်အထိရှိလာပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးများပြတ်လပ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 272

လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ အောက်တိုဘာ ၇ / ၂၀၂၄

ရခိုင်ပြည်၊ ဂွမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်လာသောကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရသည့် စစ်ရှောင် တစ်သောင်းကျော်အထိ ရှိလာပြီး လက်ရှိ စားနပ်ရိက္ခာနှင့် ဆေးဝါးများပြတ်လတ်မှု တစ်နေ့ထက်တစ်နေ့ ဆိုးရွားလာနေကြောင်း စစ်ရှောင် ကူညီသူများထံမှ သိရသည်။

စစ်ကောင်စီသည် စစ်ရှောင်များထံသို့ ဆန်သယ်ယူခွင့်၊ စားနပ်ရိက္ခာနှင့် ဆေးဝါး သယ်ယူခွင့်များ ပိတ်ပင်ထား၍ စစ်ရှောင်များ၏ စားဝတ်နေရေးနှင့် ဆေးဝါးရရှိမှုမှာ ခက်ခဲမှုများရှိလာနေခြင်းဖြစ်သည်။

စစ်ရှောင်ကူညီနေသူတစ်ဦးက “နဂိုတုန်းက တိုက်ပွဲမဖြစ်ခင်တုန်းကတည်းက စစ်ကောင်စီက စားနပ်ရိက္ခာတွေ ဖြတ်တောက်ထားတယ်။ ပိတ်ဆို့ထားတယ်။ အခုနောက်ပိုင်း ပိုဆိုးလာတယ်။ စစ်ကောင်စီနယ်မြေတွေမှာ ဆန်တစ်အိတ်ကို သုံးသိန်းကျော်လောက်ရှိတယ်။ ဝယ်လို့မရတဲ့ အနေအထား။ ငတ်ပြတ်ကုန်တော့မယ့်အခြေအနေရှိတယ်"ဟု ပြောသည်။

စစ်ဘေးရှောင်များတွင် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ကိုယ်ဝန်ဆောင် မိခင်များလည်းပါဝင်ပြီး လူသုံးကုန်များ၊ ခြင်ထောင်နှင့် စောင်များလည်း အရေးတကြီး လိုအပ်သည်ဟု သိရသည်။



ကလေးသူငယ်များတွင် အာဟာရမပြည့်ဝမှုကြောင့်ကျန်းမာရေးချို့တဲ့မှုများရှိကြောင်းလည်း သိရသည်။

ဂွမြို့နယ်တွင် ဆပ်သွား၊ ရေကျော်၊ တိုင်ကျိုး၊ ညောင်ချောင်း စသည့်ကျေးရွာများအပါအဝင် စစ်ရှောင်ဒေသ(၈)ခုတွင် စစ်ရှောင်များနေထိုင်လျက်ရှိပြီး တချို့စစ်ရှောင်များသည် ပိတ်မိနေကြောင်း သိရသည်။

နောက်ထပ် စစ်ရှောင်ကူညီနေသူတစ်ဦးက “ဂွ စစ်ရှောင်တွေက ဆပ်သွားမှာရှိတယ်။ ရေကျော်၊ ကုလားပြင်ဘက်တွေမှာ ပိတ်မိနေတာတွေရှိတယ်။ တိုင်ကျိုးအုပ်စုမှာရှိသေးတယ်။ ဂွမြို့ထဲမှာတော့ တော်တော်နည်းသွားပြီ။ ညောင်ချောင်းအလွန်မှာလည်း ရှိသေးတယ်” ဟုပြောသည်။

ဂွမြို့နယ်တွင် လူဦးရေလေးသောင်းကျော်ရှိသည့်အထဲတွင် သုံးသောင်းခန့်သည် ဧရာ၀တီတိုင်းသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။

ပုံစာ-ဂွမြို့နယ်စစ်ရှောင်များအား တွေ့ရစဉ်။

ဓာတ်ပုံ - ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့

ဆက်စပ် သတင်းများ