တနင်္လာ၊ အောက်တိုဘာလ ၇ရက်၊ ၂၀၂၄

AA က စစ်ကောင်စီတပ်စခန်းတချို့ကို သိမ်းပိုက်ပြီးနောက် ဂွရှိ ကုလားပြင်တံတားကို စစ်ကောင်စီ မိုင်းခွဲဖျက်ဆီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 1.6k


မောင်စာဂ၊ နိရဥ္စရာ၊ အောက်တိုဘာ ၇ / ၂၀၂၄

အာရက္ခတပ်တော် (AA) က စစ်ကောင်စီတပ်စခန်းတချို့ကို သိမ်းပိုက်ပြီးနောက် ရခိုင်ပြည်၊ ဂွမြို့နှင့် ကျိန္တလီမြို့ကြားရှိ ကျိန္တလီချောင်းကို ဖြတ်ထိုးထားသော ကုလားပြင်တံတားကို စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးလိုက်ကြောင်း သိရသည်။

ယနေ့ အောက်တိုဘာ ၇ ရက်၊ ညဥ့် ၂ နာရီခွဲခန့်တွင် မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု AA ပြောခွင့်ရသူ ဦးခိုင်သုခက အတည်ပြုပြောသည်။

ကုလားပြင်တံတားထိပ်ရှိ ကိုင်းခုံနှင့် ကံ့ကော်တောင်ရှိ စစ်ကောင်စီ၏ တပ်စခန်းများကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ဆုတ်ခွာထွက်ပြေးချိန်တွင် ယခုကဲ့သို့ မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါတံတားသည် အနီးအနားကျေးရွာဒေသခံများ သွားလာအသုံးပြုနေရသည့် ကွန်ကရစ်တံတားတစ်စင်းဖြစ်သည်။

ရခိုင်တွင် မြို့သိမ်းတိုက်ပွဲများ စတင်ဖြစ်ပွားသည့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်မှစတင်ကာ ပြီးခဲ့သည့် သြဂုတ်လ ၁၀ ရက်အထိ စစ်ကောင်စီတပ်က ရခိုင်ပြည်အတွင်း တံတား ၂၂ စင်းအထိ ဖျက်ဆီးထားကြောင်း နိရဥ္စရာက ကောက်ယူထားသည့်စာရင်းအရ သိရသည်။

စစ်ကောင်စီတပ်က ဖျက်ဆီးထားသည့် တံတားများတွင် ရခိုင်မှ ဒေသခံပြည်သူများ ကူးသန်းသွားလာရေး၌ မရှိမဖြစ် အဓိကအရေးပါသောတံတားများ၊ ပြည်တွင်းရှိ မြို့နယ်အချင်းချင်းချိတ်ဆက်ထားသည့် တံတားများ၊ ရန်ကုန် - စစ်တွေကားလမ်းမပေါ်မှ တံတားများနှင့် ကျေးရွာချင်းဆက်တံတားများပါဝင်ကြောင်း သိရသည်။

အဆိုပါတံတားများတွင် စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီးထားသည့် ကွန်ကရစ်တံတားများလည်းပါဝင်သလို ရည်ရွယ်ချက်ရှိရှိ ဖြိုဖျက်ခဲ့သည့် ရွာချင်းဆက် သစ်သားတံတားများလည်း ပါဝင်သည်ဟု သိရသည်။

ယင်းသို့ဖျက်ဆီးထားသည့်အတွက် ဒေသခံပြည်သူများ၏ စီးပွားရေး၊ လူမှုရေးနှင့် ကျန်းမာရေးစသည့် ကဏ္ဍအသီးသီးတွင် ဆက်သွယ်သွားလာရပြတ်တောက်နေပြီး အခက်အခဲမျိုးစုံဖြင့် ထိခိုက်နစ်နာနေရကြောင်း ဒေသခံပြည်သူများက ပြောသည်။

ဓာတ်ပုံ - ကုလားပြင်တံတားကို စစ်ကောင်စီမိုင်းခွဲအပြီးတွေ့ရစဥ်။ (Photo- APM)

ဆက်စပ် သတင်းများ