တနင်္လာ၊ အောက်တိုဘာလ ၇ရက်၊ ၂၀၂၄

စစ်ကောင်စီ လေတပ်က မောင်တောမြို့နယ် ခရေမြိုင်ရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သား ၂ ဦးသေပြီး ၃ ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 260

မင်းသျှင်စော၊ နိရဉ္စရာ၊ အောက်တိုဘာ ၇/၂၀၂၄

စစ်ကောင်စီ လေတပ်က မောင်တောမြို့နယ် တောင်ပိုင်း ခရေမြိုင်ရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သား ၂ ဦးသေပြီး ၃ ဦးဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူများမှာ ခရေမြိုင်ရွာမှ အောင်အောင်စိုး (၁၉) နှစ်(ဘ) မောင်ထွီးဖြူနှင့် မောင်ထွန်းဝင်း(၁၈) နှစ် တို့ဖြစ်ကြသည်။

ဒဏ်ရာရသူများမှာ စိုးဝင်းမောင် (၁၆) နှစ်၊ မကျော့နု (၂၄) နှစ်နှင့် မအေးဌေး ( ၂၄) (ဘ) တို့ဖြစ်ကြသည်။

ဒေသခံတစ်ဦး က " ညနေ ၄ နာရီကျော်လောက်မှာလေယာဉ်နဲ့ ဗုံးလာချတယ်။ စာသင်ကျောင်းကို ကျတယ်။ သေဆုံးတဲ့ အမျိုးသား နှစ်ဦးက ဆိုင်ကယ်တစ်စီးနဲ့ ဖြတ်စဉ် ကွက်တိကျသွားတယ်။ နေရာပင်ပွဲချင်းပြီးသေဆုံးသွားတယ်။ အနီးအနားပတ်ဝန်းကျင်မှာရှိနေတဲ့အမျိုးသမီး နှစ်ယောက်နဲ့  အမျိုးသား တစ်ယောက်ကတော့ ပြင်းထန်ဒဏ်ရာရရှိပါတယ်"ဟု ပြောကြားသည်။


စစ်ကောင်စီသည် အဆိုပါကျေးရွာအား ဂျက်ဖိုက်တာ ၂ စီးဖြင့် လာရောက် ဗုံးကြဲခဲ့သည်ဟုသိရသည်။ 

“သူတို့က ပေါင် ၅၀၀ ဗုံးနှစ်လုံးချတယ်။ တစ်လုံးမပေါက်ဘူး။ အငယ်နှစ်လုံးလည်း ထပ်ချတယ်။ သူတို့က ရွာကို လာချတော့ ရွာမှာ သွားလာကြတဲ့သူတွေ ထိမှန် သေဆုံးရတာဖြစ်ပါတယ်”ဟု ပြောဆိုသည်။

မောင်တောမြို့တွင် စစ်ကောင်စီ၏ နောက်ဆုံ းလက်ကျန်တပ်ရင်း တစ်ခုဖြစ်သော နခခ ၅ မြို့သူကြီးကို AA မှ သိမ်းပိုက်ရရှိနိုင်ရေးအတွက် ထိုးစစ်ကို မြှင့်တင်ကာ တိုက်ခိုက်နေသဖြင့် တိုက်ပွဲပြင်းထန်နေသည်။ စစ်ကောင်စီကလည်း လေကြောင်း၊ ရေကြောင်းတို့မှ စစ်ကူကာ ခုခံတိုက်ခိုက်နေပြီး မောင်တောမြို့နှင့် လူနေကျေးရွာများကို လည်း အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေသည်ဟု သိရသည်။


ဆက်စပ် သတင်းများ