အင်္ဂါ၊ အောက်တိုဘာလ ၈ရက်၊ ၂၀၂၄

ဒေါက်တာဇော်မြင့်မောင်အား စစ်အစိုးရက မကွယ်လွန်မီ နာရီပိုင်းအလိုမှ လွတ်ငြိမ်းခွင့်ပေးခဲ့ခြင်းသည် စစ်မှန်သော သနားကြင်နာမှုမဟုတ်ဟု ဥရောပသမဂ္ဂထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 105

လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ အောက်တိုဘာ ၇  / ၂၀၂၄

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အား စစ်အစိုးရက မကွယ်လွန်မီ နာရီပိုင်း အလိုမှ လွတ်ငြိမ်းသက်သာခွင့်ကို ပေးအပ်ခဲ့ခြင်းသည် စစ်မှန်သော သနားကြင်နာမှု မဟုတ်ဟု မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးက ယနေ့ အောက်တိုဘာ ၇ ရက်နေ့တွင် ထုတ်ပြန်သည်။

“မကွယ်လွန်မီ နာရီပိုင်းအလိုတွင်မှ စစ်အစိုးရက သူ၏ လွတ်ငြိမ်းသက်သာခွင့်ကို ပေးအပ်ခဲ့ခြင်းသည် စစ်မှန်သော သနားကြင်နာမှုမဟုတ်ပါ” ဟုထုတ်ပြန်ချက်တွင် ပါရှိသည်။

သွေးကင်ဆာရောဂါ ဝေဒနာခံစားနေရသူ ဒေါက်တာဇော်မြင့်မောင်သည် ယမန်နေ့က မန္တလေးဆေးရုံကြီးတွင်တက်ရောက်ကုသနေစဥ် ညနေပိုင်းတွင် သူ့အားပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်း အမိန့်စာကို သက်ဆိုင်ရာက ဆေးရုံသို့ လာရောက်ဖတ်ကြားသွားခဲ့သည်ဟု သိရသည်။

လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ပြီး (၂၄)နာရီမပြည့်မီအချိန်တွင်ပင် ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

ကွယ်လွန်ချိန်တွင် အသက် (၇၃) နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၁) ရက် အာဏာသိမ်းမှုအပြီးတွင် စစ်အာဏာပိုင်များက မမှန်ကန်သည့် နိုင်ငံရေးစွဲချက်များဖြင့် ထပ်မံဖမ်းဆီးခြင်းကို ခံခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

"နှစ်ပေါင်းများစွာ လုံလောက်သည့် ဆေးကုသမှုကို မရရှိခဲ့ဘဲ ပြင်းထန်သော နာမကျန်းမှုဖြင့် ရုန်းကန်ခဲ့ရသည့် သူ၏ အကျဥ်းစံအခြေအနေသည် လွန်စွာ လူမဆန်၊ အဆင့်နှိမ့်စွာ နေခဲ့ရသည်“ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဒေါက်တာဇော်မြင့်မောင်သည် ယနေ့ နံနက်အစော ၃ နာရီခန့်တွင် မန္တလေးဆေးရုံကြီး၌ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ကွယ်လွန်သွားမှုအပေါ် ဒေါက်တာဇော်မြင့်မောင်၏ မိသားစုဝင်များ၊ မိတ်ဆွေများနှင့် ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးက ဆိုသည်။

ဒေါက်တာဇော်မြင့်မောင်သည် ၁၉၈၈ ခုနှစ်မှ ၂၀၀၉ ခုနှစ်အတွင်း ထောင်ဒဏ် (၁၉)နှစ် ကျခံခဲ့ရပြီး မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို လမ်းညွှန်ပေးခဲ့သည့် လူ့အခွင့်အရေးကို အထူး အလေးအနက်ထား ခုခံကာကွယ်ခဲ့သူတစ်ဦးဖြစ်ကြောင်းလည်း ဥရောပသမဂ္ဂ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဥရောပသမဂ္ဂသည် မြန်မာပြည်သူများနှင့်အတူ ခိုင်မာစွာ ရပ်တည်လျက်ရှိပြီး ငြိမ်းချမ်းရေးနှင့် ပြန်လည် သင့်မြတ်ရေးတို့အတွက် မရှိမဖြစ် လိုအပ်ချက်များဖြစ်သည့် မတရားဖမ်းဆီး ထိန်းသိမ်းထားခြင်းခံရများအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန်နှင့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရန် တောင်းဆို တိုက်တွန်းကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။



ဒေါက်တာဇော်မြင့်မောင်သည် ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဒေါက်တာဇော်မြင့်မောင်ကို စစ်တပ်က ဖမ်းဆီးခဲ့ကာ သဘာဝဘေးဥပဒေချိုးဖောက်မှု၊ ပုဒ်မ ၅၀၅ - ခ၊ ပုဒ်မ ၁၇၁ (စ)၊ ပုဒ်မ ၁၃၀ (က)တို့အပါအဝင် စုစုပေါင်း အမှု ၉ မှုဖြင့် မန္တလေးတိုင်း အိုးဘိုထောင်တွင် ထောင်ဒဏ် ၂၉ နှစ် ချမှတ်ထားခဲ့ရသည်။

၁၉၉၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အမရပူရမြို့နယ်မှ NLD ကိုယ်စားပြုအမတ်အဖြစ်ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရသည်။

၁၉၉၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၂ ရက်တွင် စစ်တပ်၏ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီးနောက် ထောင်ဒဏ် ၁၉ နှစ်ချမှတ်ခံခဲ့ရပြီး ၂၀၀၉ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက်တွင် လွတ်မြောက်လာခဲ့သူဖြစ်သည်။

၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရပြန်သည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင်လည်း မန္တလေးတိုင်းဒေသကြီး လွှတ်တော်အတွက် အမရပူရမြို့နယ် ကိုယ်စားပြုရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရပြီး မန္တလေးတိုင်း ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ခံခဲ့ရသူဖြစ်သည်။ (Photo by LuduNweOo)

ဆက်စပ် သတင်းများ