အင်္ဂါ၊ အောက်တိုဘာလ ၈ရက်၊ ၂၀၂၄

အမ်းမြို့နယ် မဲတောင်ဗျူဟာစခန်းတစ်ခုလုံးနှင့် ၎င်းအနီး ပတ်ဝန်းကျင်ရှိ စစ်ကောင်စီ စခန်းများအားလုံးကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း AA ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 327

နိရဉ္စရာ၊ အောက်တိုဘာ ၈/၂၀၂၄

ရခိုင်၊ အနောက်ပိုင်းတိုင်း အခြေစိုက် အမ်းမြို့နယ်အတွင်း လက်ကျန်စခန်းများထဲမှ တစ်ခုဖြစ်သော မဲတောင်ဗျူဟာစခန်းတစ်ခုလုံးနှင့် ၎င်းအနီး ပတ်ဝန်းကျင်ရှိ ရန်သူ့စခန်းများအားလုံးကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်၊ ညနေ (၃) နာရီ (၅၀) မိနစ်တွင် အပြီးသတ်သိမ်းပိုက် ရယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း အာရက္ခတပ်တော် (AA)က အောက်တိုဘာ ၇ ရက်နေ့စွဲဖြင့်  သတင်းထုတ်ပြန်သည်။

မဲတောင်ဗျုဟာကုန်း သည် အမ်း နပခ ဌာနချုပ်မှ အဖြောင့်တိုင်းလျှင် (၁၄) ကီလိုမီတာခန့်သာ ကွာဝေးသည်ဟု ဆိုသည်။

မဲတောင်ဗျူဟာကုန်းတွင် စစ်ကိုင်းတိုင်း၊ ကလေး၊ မော်လိုက်၊ ဟုမ္မလင်းအခြေစိုက် စကခ (၁၀) လက်အောက်ခံ တပ်ရင်းများဖြစ်ကြသော ခမရ (၃၆၂/၃၆၅/၃၆၉) တပ်ရင်းများ၊ အမ်း၊ နပခ ဌာနချုပ်လက်အောက်ခံ တပ်ရင်းအချို့ နှင့်စကခ (၅) လက်အောက်ခံ ခမရ (၃၄၆/ ၃၇၃/ ၃၇၂) တပ်ရင်းများ စုပေါင်းထားသော တပ်ရင်းများပါဝင်ပြီး မဲတောင် နှင့် အမ်းဌာနချုပ်ပတ်ဝန်းကျင်၌ လှုပ်ရှားကြသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


မဲတောင်ဗျုဟာ ကုန်းသိမ်းတိုက်ပွဲအတွင်းမှ ရန်သူ့ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း၊  မဲတောင်ဗျူဟာစခန်းကုန်းနှင့် ၎င်းနှင့်ဆက်စပ်စခန်းကုန်းများအား အာရက္ခတပ်တော်မှ ဝိုင်းရံပိတ်ဆို့ ဖြတ်တောက်ထားသည်မှာ ကာလအတန်ကြာမြင့်ခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

အမ်းမြို့နယ်၊ ကျောက်စကွဲကျေးရွာ၏ အနောက်ဘက် မီတာ (၄၀၀) ခန့်အကွာအဝေး၌ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၆) ရက်နေ့၊ နံနက် (၁၁) နာရီ (၅၀) မိနစ်တွင် စတင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် မဲဟာဗျူဟာကုန်း၏ စခန်းများအား တစ်ခုပြီးတစ်ခု သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်ရေးအရ အရေးနိမ့်နေသော ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီသည် ရှုံးမဲမဲကာ အရပ်သားပြည်သူ လူထုများအား လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခြင်းကို ပြုလုပ်လျက်ရှိပြီး စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်းများကို ဆက်တိုက်ပြုလုပ်လျက်ရှိသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

 

ဆက်စပ် သတင်းများ