အင်္ဂါ၊ အောက်တိုဘာလ ၈ရက်၊ ၂၀၂၄

တောင်ကုတ် တန်းလွဲရွာမမြို့ကို စစ်ကောင်စီ ဗုံးထပ်ကြဲ၍ လူ ၁၅ ဦးသေဆုံးပြီး ပျောက်ဆုံးဒဏ်ရာရသူများလည်းရှိနေဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 506

ကံ့ကော်နီနီ ၊ နိရဥ္စရာ ၊ အောက်တိုဘာ ၇ / ၂၀၂၄

ပြီးခဲ့သည့်တစ်ပတ်ကျော်ကမှ လေယာဥ်ဖြင့်ဗုံးကြဲ၍ အရပ်သားများထိခိုက်သေဆုံးမှုရှိခဲ့သည့် တောင်ကုတ်ခရိုင်၊ တန်းလွဲရွာမမြို့ကို စစ်ကောင်စီက ယနေ့ ညဥ့်အချိန် ထပ်မံဗုံးကြဲတိုက်ခိုက်၍ လူ ၁၅ ဦး သေဆုံးကြောင်း ကနဦးသတင်းရရှိပြီး အပြိုအပျက်များကြားပျောက်ဆုံးသူများနှင့် ဒဏ်ရာရသူလည်းများနိုင်ကြောင်းမြို့ခံများက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

ယခုည ၁၁ နာရီ ၊ ၁၄ မိနစ်ဝန်းကျင်မှာ စစ်ကောင်စီလေယာဥ်က ရွာမရွာသစ်ဈေးအနီးနှင့် ရွှေပြည်သာဆိပ်ကမ်းဘက်ကို ဗုံးသုံးလုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြို့ခံအမျိုးသား တစ်ဦးကပြောသည်။

ထိုသို့ဗုံးကြဲတိုက်ခိုက်ရာ ရွာမရွာသစ်ဈေးအနီးက နေအိမ်တချို့ကို ဗုံးထိမှန်၍ အရပ်သား ၁၅ ဦး သေဆုံးကြောင်း ကနဦးသိရပြီး အပြိုအပျက်များကြား ပျောက်ဆုံးနေသူများလည်းရှိနိုင်ကြောင်း မြို့ခံတစ်ဦးကပြောသည်။

" ရွာသစ်ဈေးနားက တန်းလျားတွေနဲ့ကပ်နေတဲ့အိမ်တတည့်တည့်ကျတယ်လို့သိရတယ်။ လက်ရှိသိထားရသလောက် ဆယ့်ငါးဦးလောက်နေရာမှာပွဲချင်းပြီးသေသွားတယ်။ အပျက်စီး တွေကြားမှာ တခြားလူတွေ ရှာလို့မတွေ့သေးတာလည်းရှိနိုင်ပါတယ်" ဟု ပြောသည်။

နောက်ထပ်မြို့ခံအမျိုးသမီးငယ်တစ်ဦးကလည်း ဗုံးကြဲမှုတိုက်ခိုက်မှုကြောင့် လူ ၁၅ ဦးခန့် သေဆုံးသည်ဟု ကနဦးသိထားရကြောင်း၊ ညအချိန်ဖြစ်၍ ယခုထက်လည်း အသေဆုံး ပိုများနိုင်ကြောင်း နိရဥ္စရာသို့ပြောသည်။

တန်းလွဲရွာမမြို့သည် တောင်ကုတ်မြို့ မြောက်ဘက် ၁၅ မိုင်အကွာတွင်ရှိပြီး နိုဝင်ဘာလလယ်က ရဲစခန်းမှရဲတပ်ဖွဲ့ဝင်များ ဆုတ်ခွာထွက်ပြေးသွားပြီးနောက် အာရက္ခတပ်တော်(AA) က ထိန်းချုပ်ထားခဲ့သည်။

ယခုဗုံးကြဲတိုက်ခိုက်သည့် ရွာသစ်ဈေးအနီးတဝိုက်တွင် ဆေးရုံ၊ စည်ပင်သာယာအဖွဲ့ရုံး၊ လျှပ်စစ်ရုံး၊ မြို့အုပ်ချုပ်ရေးအဖွဲ့ရုံးတို့ ရှိကြောင်းသိရသည်။

စက်တင်ဘာလ ၂၄ ရက် ၊ ည ၈ နာရီက တောင်ကုတ်ခရိုင် ၊ တန်းလွဲရွာမမြို့ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း စစ်ဘေးရှောင်တက္ကသိုလ်ကျောင်းသား ကိုအောင်သူရနှင့် နောက်ထပ် အရပ်သားတစ်ဦးတို့သေဆုံပြီး နောက်ထပ်အရပ်သားသုံးဦးဒဏ်ရာရရှိကာ ရဲစခန်းနှင့် အနီးဝန်းကျင်နေ အိမ်တချို့အပြင် ရေသန့်စက်တို့ဗုံးထိမှန်ပျက်စီး သွားကြောင်းသတင်းရရှိသည်။

အောက်တိုဘာလ ၄ ရက်က တောင်ကုတ်မြို့မြောက်ဘက် ၁၁ မိုင်ကျော်အကွာ တောင်ကုတ်-မအီ ကားလမ်းဘေးမှ ကင်းတောင်စံပြကျေးရွာကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁၀ နှစ် အရွယ်ကလေးငယ်တစ်ဦး၊ ၁၅ နှစ်အရွယ်အမျိုးသမီးငယ်ဦးအပါအဝင် အရပ်သားငါးဦးသေဆုံးပြီး ၂၀ ဦးဒဏ်ရာရရှိခဲ့သည်။

ပုံစာ- စက်တင်ဘာလ ၂၄ ရက် ၊ ည ၈ နာရီက တောင်ကုတ်မြို့နယ် တန်းလွဲရွာမမြို့ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း ပျက်စီးခဲ့မှုများ (Photo- APM)

ဆက်စပ် သတင်းများ