Preview

စစ်တွေထောင်မှ အကျဥ်းသား ၃၀၀ ခန့်ကို စစ်ကောင်စီက ညအချိန် ခေါ်ထုတ်သွား

အောက်တိုဘာ ၀၈/ ၂၀၂၄ | ကြည့်ရှုသူ :2239
ရခိုင် သတင်း

ဆလိုင်းမိုးအောင်၊နိရဉ္စရာ၊ အောက်တိုဘာ ၈/ ၂၀၂၄

စစ်ရေး အခြေအနေတင်းမာလာသည့် ၇ခိုင်ပြည်၊စစ်တွေမြို့အကျဥ်းထောင်မှ အကျဥ်းသား ၃၀၀ ခန့်ကို စစ်ကောင်စီတပ်က ညအချိန်ခေါ်ထုတ်သွားကြောင်း နိရဉ္စရာက စုံစမ်းသိရှိ၇သည်။

ယနေ့အောက်တိုဘာလ ၈ ရက်၊ နံနက်အစောကြီး  ည ၁ နာရီကျော်ခန့်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကစစ်ကားများဖြင့် BXT ကိုရီးယားဆိပ်ကမ်းသို့တင်ဆောင်သွားပြီးယင်းမှတစ်ဆင့်စစ်ဇက်ရေယာဥ်ဖြင့် ထပ်မံ၍ တင်ဆောင်သွားသည် မျက်မြင် ဒေသခံများက ပြောသည်။  

စစ်တွေမြို့မှအမည်မဖော်လိုသည့် မြို့ခံတစ်ဦးက "ထောင်ပြောင်းတာလား။ ဒါမှမဟုတ်တိုက်ပွဲတွေမှာအသုံးချဖို့အတွက် ရှေ့တန်းပို့တာလား မပြောတတ်ဘူး။ ဇက်စစ်ရေယာဉ်နဲ့ တင်ခေါ်သွားတယ်"ဟု ပြောသည်။

မည်သည့်နေရာသို့ခေါ်ထုတ်သွားသည်ကိုတိတိကျကျ မသိရသေးဟုလည်း သူက ပြောသည်။

"ပင်လယ်ဘက်ကို ထွက်သွားကြတယ်။ဘယ်ကိုခေါ်သွားမှန်းလည်း အတိအကျမသိဘူး"ဟု ပြောသည်။

ခေါ်ထုတ်ခံရသည့်အကျဥ်းသားများတွင်နိုင်ငံရေးအကျဥ်းသားများလည်းပါဝင်ပြီး သူတို့ကို ရန်ကုန်မြို့၊အင်းစိန်ထောင်သို့ပြောင်းရွှေ့မည်ဟု ကြားသိရသည်ဟု  နောက်ထပ် သတင်းရင်းမြစ်တစ်ဦးကပြောသည်။

ခေါ်ထုတ်ခံရသည့်အကျဥ်းသားများတွင်စစ်တွေမြို့နယ်၊ ဗျိုင်းဖြူကျေးရွာမှ ဖမ်းဆီးထောင်ချခံထားရသည့် ဒေသခံများလည်းပါဝင်သွားကြောင်း သိရသည်။

နောက်ထပ်မြို့ခံတစ်ဦးက "ဖမ်းခံထားရတဲ့ မိသားစုဝင်တွေဆီကိုအကျဥ်းသားတွေ ပြောင်းရွေ့တယ်လို့ ဖုန်းရောက်တယ်လို့လည်းကြားတယ်။ နှစ်အများကြီးကျတဲ့သူတွေကို ရန်ကုန် အင်းစိန်ထောင်ကိုပို့မယ်လို့လည်းပြောသံတွေကြားတယ်" ဟုပြောသည်။

စစ်တွေအကျဥ်းထောင်မှ အကျဥ်းသားများကို စစ်ကောင်စီကခေါ်ထုတ်သွားရာ၌ လမ်းကြောင်းရှင်းသည့်အနေဖြင့်စစ်တွေမြို့ရှိ စစ်ကောင်စီ၏ ရဲတပ်ရင်း အမှတ်(၁၂)မှလက်နက်ကြီးများပစ်ကူခြင်း၊  BXT ကိုရီးယားဆိပ်ကမ်းတစ်လျှောက် လက်နက်ငယ် ပစ်ခတ်ခြောက်လှန့်မှုများရှိခဲ့ကြောင်းစစ်တွေမြို့ခံများက ပြောသည်။

ထိုသို့အကျဥ်းသားများကို ဇက်ရေယာဥ်ဖြင့် ခေါ်ဆောင်သွားရာ၌မိုးလင်းသွားသဖြင့် အကျဥ်းသားတချို့ကို စစ်တွေအကျဥ်းထောင်သို့ပြန်လည်ပို့ဆောင်ခဲ့ရကြောင်းလည်း စုံစမ်းသိ၇သည်။

ပြီးခဲ့သည့်စက်တင်ဘာလ နောက်ဆုံးအပတ်ကလည်း စစ်တွေအကျဥ်းထောင်မှ အကျဥ်းသား ၅၀၀ ခန့်ကိုစစ်ကောင်စီက ဇက်ရေယာဥ်ဖြင့်တင်ဆောင်သွားကြောင်း သိ၇သည်။

တချို့က စစ်တွေထောင်ထဲက ဒုစရိုက်အမှုများဖြင့် ထောင်ကျနေသူများကိုစစ်မြေပြင်သို့ ပို့ဆောင်မှုများရှိနေသည်ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

"သူခိုး၊ ဂျပိုးတွေကိုကျတော့စစ်ရေးဧရိယာမှာသုံးဖို့ခေါ်သွားတာလို့လည်း သိ၇တယ်"ဟု ပြောသည်။

အဆိုပါ ထောင်သားများကို ခေါ်ယူသွားခြင်းနှင့် ပတ်သက်ပြီးရခိုင်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရသူ ဥပဒေချုပ် ဦးလှသိန်းအား ဆက်သွယ်မေးမြန်းသော်လည်းဖုန်းလက်ခံ ဖြေဆိုခြင်း မရှိသဖြင့် အကျဉ်းသားများကို မည်သည့်နေရာသို့ ခေါ်ယူသွားသည်ကိုမသိရှိ၇သေးပါ။



ဓာတ်ပုံ- ပုံဟောင်း

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.