နောင်မင်းသူ၊ နိရဉ္စရာ၊ အောက်တိုဘာ ၈/၂၀၂၄
ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်းရှိ ကျောက်လှေကားမွတ်ဆလင်ရွာအားယမန်နေ့ညနေတွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိ၇သည်။
ယမန်နေ့ အောက်တိုဘာလ ရ ရက်၊ ညနေ ၄ နာရီကျော်ခန့်၌စစ်ကောင်စီ၏ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် ဗုံးနှစ်လုံးလာကြဲလာခဲ့ကြောင်း ဒေသခံမွတ်ဆလင်များကပြောသည်။
ဒေသခံမွတ်ဆလင်တစ်ဦးက "ကျောက်လှေကားရွာကလူမနေတဲ့အလွတ်အဆောင်တစ်ခုအနား ကျပေါက်ကွဲတာ။ ထိခိုက်မှုတော့မရှိခဲ့ပါ"ဟုပြောကြားသည်။
အဆိုပါကျေးရွာတွင် အိမ်ခြေ ၁၅၀၀ ခန့်ရှိပြီး မောင်တောမြို့မှစစ်ဘေးရှောင်မွတ်ဆလင် ၅၀၀၀ ကျော်နေထိုင်နေကြကြောင်း သိ၇သည်။
ထို့အတူ မောင်တောမြို့နယ်တောင်ပိုင်း ခရေမြိုင်ကျေးရွာကိုလည်းစစ်ကောင်စီက ယမန်နေ့ညနေတွင် ဂျက်တိုက်လာယာဥ်တစ်စီးဖြင့်ဗုံးလေးလုံးကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသား နှစ်ဦး ပွဲချင်းသေဆုံးပြီး ၆ဦးဒဏ်ရာရရှိသွားခဲ့၇သည်။
ယင်းသို့ဗုံးကြဲချခဲ့၍ ခရေမြိုင်ရွာသားအချို့ စိုးရိမ်ကြောက်လန့်ကာထွက်ပြေးနေ၇သည်ဟုလည်း ဒေသခံများက ပြောသည်။
ခရေမြိုင်ကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက "ကျွန်မတို့ ဘယ်လိုမှမနေရဲတော့ပါဘူး။ ဂျက်နဲ့ ဗုံးကြဲတုန်းကကလေးတွေနဲ့အိမ်အောက်ပုန်းနေခဲ့ကြရတယ်။ ဗုံးကျတာနဲ့ ကြောက်လန့်ပြီးသတိမရဖြစ်သလိုဖြစ်သွားခဲ့၇တယ်။ နောက်ထပ်လည်း ဗုံးလာမချနိုင်ဘူးလို့မပြောနိုင်ဘူး"ဟု ပြောဆိုသည်။
ခရေမြိုင်ကျေးရွာတွင် အိမ်ခြေ ၂၀၀ ကျော်ရှိကြောင်း သိ၇သည်။
စစ်ကောင်စီတပ်သည် လေကြောင်းဖြင့် အရပ်သားပြည်သူများနေထိုင်သည့်ကျေးရွာများအား ပစ်မှတ်ထား ဗုံးကြဲချလျက်ရှိနေသည်။