Preview

ရန်ကုန်ရောက် ရခိုင်စစ်ရှောင်များကို စစ်ကောင်စီက သန်းခေါင်စာရင်း ကောက်နေ

လွန်ခဲ့သော တစ်လ က | ကြည့်ရှုသူ :1397
ရခိုင် သတင်း

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ အောက်တိုဘာ ၈/၂၀၂၄

ရခိုင်ပြည်မှ ရန်ကုန်တိုင်းဒေသကြီးသို့ စစ်ဘေးရှောင်နေကြသည့်စစ်ရှောင်အများအပြားကို စစ်ကောင်စီက သန်းခေါင်စာရင်းကောက်နေကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီး၏ မြို့နယ်အသီးသီးတွင် စစ်ဘေးရှောင်နေကြသည့်ရခိုင်မှစစ်ဘေးရှောင်များ၏ အမည်စာရင်း၊ အလုပ်အကိုင်မှအစအခြားအကြောင်းအချို့ကိုလည်း ကောက်ယူမှုပြုလုပ်နေခြင်းဖြစ်သည်ဟု ပြောကြသည်။

ယနေ့ အောက်တိုဘာလ ၈ ရက်တွင်ကောက်ယူခြင်းခံခဲ့ရသည့် တာမွေမြို့နယ်မှ ရခိုင်စစ်ရှောင်အမျိုးသားတစ်ဦးက"စစ်ရှောင်လားလို့ မေးတယ်။ ဧည့်စာရင်းမှာပါတဲ့ လူတွေ အိမ်မှာအိပ်လား မေးတယ်။အသက်ကို အဓိကထားလို့ မေးတယ်"ဟု
 နိရဉ္စရာသတင်းဌာနကိုပြောသည်။

သန်းခေါင်စာရင်းကောက်ယူသည့်အခါဧည့်စာရင်းတိုင်ထားသူများ၏အမည်စာရင်းများကိုပါ ကောက်ယူပြီး အသက်အရွယ်၊မျက်မှန်ပါဝါ၊ အိမ်တွင်နေထိုင်သူ၏ မိုဘိုင်းဖုန်း၊ ကွန်ပျူတာ အသုံးပြုမှုများကိုပါမေးမြန်း ကောက်ယူသည့်အတွက် ရခိုင်စစ်ရှောင်များ စိုးရိမ်နေကြသည်။

ယမန်နေ့ အောက်တိုဘာလ ရ ရက်တွင်ကောက်ယူခြင်းခံခဲ့ရသည့်ကမာရွတ်မြို့နယ်မှ ရခိုင်လူငယ်စစ်ရှောင်တစ်ဦးက "အဓိက အမျိုးသားတွေရဲ့အသက်၊ပြီးတော့ မျက်မှန်တပ်ရင် ပါဝါဘယ်လောက်။ အိမ်မှာ ဘယ်နှစ်ယောက်က အင်တာနက်သုံးလဲ။ ကွန်ပျူတာကဘယ်သူသုံးလဲဆိုပြီးမေးတယ်။ ဧည့်စာရင်းနဲ့နေတဲ့သူလည်းကောက်တာပဲ။ပုံမှန်ကောက်တာဆိုပေမယ့်
  စိုးရိမ်မှုတော့ရှိတာပေါ့"ဟု နိရဉ္စရာသတင်းဌာနကို ပြောသည်။

စစ်ရှောင်တချို့မှာ သန်းခေါင်စာရင်းလာကောက်လျှင်စစ်ဆေးဖမ်းဆီးခံရမည်ကိုစိုးရိမ်၍ တိမ်းရှောင်မှုများလည်း ရှိနေသည်ဟု ၎င်းကပြောသည်။

"သိတဲ့အတိုင်းပဲ။ စစ်ကောင်စီက ယုံရတာမဟုတ်ဘူး။အကြောင်းပြချက်မရှိ အကြောင်းရှာပြီး အဖမ်းခံရမှာစိုးလို့တချို့ဆိုတိမ်းရှောင်နေကြတယ်" ဟုပြောသည်။

စာရင်းကောက်ချိန်တွင် စစ်ဆေးမေးမြန်းခြင်းကိုခံရသူများမှာလည်းနောက်ဆက်တွဲ မည်သည့်ပြဿနာဖြစ်မည်ကို မသိရသေးသဖြင့် စိုးရိမ်မိကြောင်းစစ်ရှောင်များက ပြောသည်။

 

ရန်ကုန်တွင် ရခိုင်မှစစ်ဘေးရှောင်လူဦးရေအတိအကျကိုမသိနိုင်သော်လည်း လူဦးရေသိန်းနှင့်ချီ ရှိနိုင်ကြောင်း သိ၇သည်။

 

သန်းခေါင်စာရင်းကိုစစ်ကောင်စီက သူတို့ထိန်းချုပ်ထားသည့်ဒေသများတွင် အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ရက်နေ့အထိ ကောက်ယူနေခြင်းဖြစ်သည်။

ယခုကောက်ယူသည့် သန်းခေါင်စာရင်း အချက်အလက်များကို လာမည့် ၂၀၂၅ရွေးကောက်ပွဲအတွက် မဲစာရင်းမှန်ကန်ရေးတွင်
  အသုံးပြုသွားမည်ဟုလည်းစစ်ကောင်စီက  ကြေညာထားသည်။

စစ်ကောင်စီသည် ၇ခိုင်ပြည်မှ သူတို့ထိန်းချုပ်ထားဆဲမြို့များဖြစ်သည့် စစ်တွေ၊ ကျောက်ဖြူ၊ တောင်ကုတ်၊ အမ်းနှင့် မာန်အောင်စသည့်မြို့များတွင်သာ
  ကောက်ယူနိုင်ကြကြောင်း သိ၇သည်။

ဓာတ်ပုံ - အောက်တိုဘာ ၁ ရက်က အမ်းမြို့တွင်သန်းခေါင်စာရင်းကောက်ယူခဲ့စဥ်။ (Photo-MOI)

 

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.