အင်္ဂါ၊ အောက်တိုဘာလ ၈ရက်၊ ၂၀၂၄

ဘူးသီးတောင်တွင် လူပျောက်ရှာဖွေသည့် AA ကို ARSA က ခြုံခိုတိုက်ခိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 414

(AA တပ်ဖွဲ့ဝင်တစ်ဦးကျဆုံးပြီး နှစ်ဦးဒဏ်ရာရ)

မောင်စာဂ၊ နိရဥ္စရာ၊ အောက်တိုဘာ ၈ / ၂၀၂၄

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်တွင် လူပျောက်ရှာဖွေသည့် အာရက္ခတပ်တော် (AA)တပ်ဖွဲ့ဝင် သုံးဦးကို ARSA လက်နက်ကိုင်အဖွဲ့က ခြုံခိုတိုက်ခိုက်၍ AA တစ်ဦးကျဆုံးပြီး နှစ်ဦးဒဏ်ရာရသွားကြောင်း AA က ယနေ့နေ့လယ်တွင် သတင်းထုတ်ပြန်သည်။

ကျဆုံးသွားသည့် AA တပ်ဖွဲ့ဝင်မှာ အုတ်တောင်ကျေးရွာမှ ဦးဇော်မြင့်ဦး(ခ)ချက်ဖား(၄၁)နှစ်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သူနှင့်အတူ နောက်ထပ် လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦးမှာ အာရက္ခပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဌာန(DLEPS)မှ အာရက္ခပြည်သူ့လုံခြုံရေးအထောက်အကူပြုအဖွဲ့ဝင်များဖြစ်ကြသည်။

သူတို့သုံးဦးသည် ယမန်နေ့ အောက်တိုဘာ ၇ ရက်၊ နေ့လယ် ၁ နာရီခွဲက လူပျောက်ရှာဖွေရန် ဆိုင်ကယ်ဖြင့်သွားစဥ် ဘူးသီးတောင်မြို့နယ်၊ ဂုံးနားမွတ်ဆလင်ကျေးရွာ အဝင်ဝအနီးသို့ ရောက်ရှိချိန်၌ ARSA ၏ခြုံခိုတိုက်ခိုက်ခံရမှုကြောင့် ကျဆုံးဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု AA ထုတ်ပြန်ချက်က ဆိုသည်။

"ဘူးသီးတောင်မြို့နယ်၊ ဂုံးနားမူဆလင်ကျေးရွာ အဝင်ဝအနီးသို့ ရောက်ရှိချိန်၌ ARSA မူဆလင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့မှ ခြုံခိုတိုက်ခိုက်ခံရ၍ မိမိတို့၏ လုံခြုံရေးတပ်ဖွဲ့ဝင် (၁) ဦးမှာ ဦးခေါင်းနှင့် ဝမ်းဗိုက်တွင် သေနတ်ကျည် ထိမှန်ကာကျဆုံးပြီး ကျန်နှစ်ဦးမှာ ဒဏ်ရာရရှိခဲ့သည်"ဟု ဖော်ပြထားသည်။

ထို့အပြင် သူတို့စီးလာသော ဆိုင်ကယ်သည်လည်း ခြုံခိုတိုက်ခိုက်ခံရသည့်နေရာ၌ပင် မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည်ဟု ဖော်ပြထားသည်။

AA က သွားရောက်ရှာဖွေသည့် ပျောက်ဆုံးနေသူများမှာ ဘူးသီးတောင်မြို့၊ အမှတ် (၂)ရပ်ကွက်၊ ရွာသစ်တွင်နေထိုင်ကြသော ဦးစံရွှေမောင် (၆၇)နှစ်နှင့် ဦးမြအောင် (၆၅) နှစ်တို့ဖြစ်သည်။

သူတို့သည် ယမန်နေ့ နံနက် ၈ နာရီခန့်တွင် အိမ်ဆောက်လုပ်ရန်အတွက် ဘူးသီးတောင်မြို့နယ်၊
  ဂုံးနားကျေးရွာဘက်သို့ ဝါးခုတ်ရန် ထွက်သွားခဲ့ပြီးနောက် နေ့လယ်အထိ အိမ်ပြန်ရောက်မလာဟု သိရသည်။

ယင်းကြောင့် မိသားစုဝင်များနှင့် ဒေသခံများက ဘူးသီးတောင်မြို့နယ်ရှိ အာရက္ခပြည်သူ့လုံခြုံရေး အထောက်အကူပြုအဖွဲ့ထံသို့ အသိပေး အကြောင်းကြားလာ၍ သွားရောက်ရှာဖွေရာ ယခုကဲ့သို့ ARSA အဖွဲ့က ခြုံခုံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

"ခြုံခိုတိုက်ခိုက်ခဲ့သော ARSA မူဆလင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့အား မိမိတို့ အာရက္ခပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အာရက္ခတပ်တော်တို့သည် လိုက်လံဖမ်းဆီးလျက်ရှိသည့်နည်းတူ ပျောက်ဆုံးနေသူ ရွာသားနှစ်ဦးအားလည်း ရှာဖွေလျက်ရှိသည်"ဟုလည်း AA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မောင်တောမြို့နယ်တောင်ပိုင်း ကိုင်းကြီးမြိုရွာမှ ပြီးခဲ့သည့် စက်တင်ဘာလ ၃၀ ရက်က ငါးရှာသွားရာမှ ပျောက်ဆုံးသွားသည့် ဆယ်ကျော်သက်သုံးဦး အပါအဝင် သားဖလေးဦးကိုလည်း AA တပ်ဖွဲ့ဝင်များက မေယုတောင်ကြောထဲ၌ ပိုက်စိပ်တိုက်ရှာဖွေလျက်ရှိသည်။

ထိုသို့ရှာဖွေစဥ်တွင်လည်း ​အောက်တိုဘာလ ၄ ရက်က မေယုတောင်တန်းထဲ၌
 ARSA စခန်းငယ်တစ်ခုကိုရှာတွေ့ခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့ကြသည်ဟု သိရသည်။

လူပျောက်ရှာစဥ် AA ကတွေ့ရှိခဲ့သည့် ထို ARSA စခန်း၏ ထွက်လမ်းမှာ ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်၊ စိမ်းညှင်းပြား၊ သရက်တောင်မွတ်ဆလင်ကျေးများဖက်သို့
 ဆင်းသွားသည်ကိုတွေ့ရှိခဲ့ကြောင်း လည်း လိုက်ရှာခဲ့ကြသည့် ကျေးရွာသားများက ပြောဆိုသည်။

ကိုင်းကြီးမြိုရွာမှ ပျောက်ဆုံးသွားသည့် သားဖလေးဦးကိုလည်း AA တပ်ဖွဲ့ဝင်များက ဆက်လက်ရှာဖွေလျက်ရှိသည်။

ဓာတ်ပုံ - AA Info Desk

 

ဆက်စပ် သတင်းများ