အင်္ဂါ၊ အောက်တိုဘာလ ၈ရက်၊ ၂၀၂၄

ပေါက်တောမြို့နယ်လည်း ညအချိန် ဗုံးကြဲခံရ၍ တစ်ဦးဒဏ်ရာရ ( ပုဏ္ဏားကျွန်းမြို့နယ် အိုင်ဒင်ကျေးရွာမှ တစ်ဦးဒဏ်ရာရ)


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 530

ကြိုင်ဟိန်းလင်း၊ နိရဉ္စရာ၊ အောက်တိုဘာ ၈ / ၂၀၂၄

ရခိုင်ပြည်၊ ပေါက်တောမြို့ကိုလည်း စစ်ကောင်စီလေတပ်က ညအချိန် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၍ အရပ်သား တစ်ဦးဒဏ်ရာရသွားကြောင်း သိရသည်။

ပေါက်တောမြို့နယ်မှ ဒဏ်ရာရသူမှာ နတ်တောင်ပြင်ကျေးရွာမှ ဦးအောင်ကျော်သိန်း (၆၃)နှစ်ဖြစ်သည်။ 

အလားတူ ပုဏ္ဏားကျွန်းမြို့နယ်မှ ဒဏ်ရာရရှိခဲ့သူမှာ  အိုင်ဒင်ကျေးရွာမှ ကိုညီညီအောင် (၃၃)နှစ် ဖြစ်သည်။

ယနေ့ အောက်တိုဘာ ၈ ရက်၊ ညဥ့် ၂ နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းနှင့် စစ်တွေရှိ စစ်ကောင်စီတပ်ရင်းများက လက်နက်ကြီးများပစ်ခတ်ခဲ့မှုတို့ကြောင့် ယခုကဲ့သို့ ထိခိုက်မှုရှိခဲ့ခြင်း ဖြစ်သည်။

ပေါက်တောမြို့နယ်၊ နတ်တောင်ပြင်ကျေးရွာတွင်ဆိုလျှင် လေကြောင်း တိုက်ခိုက်ခံရ၍ ကျေးရွာရှိ ဓမ္မာရုံ၌ ကျရောက်ပေါက်ကွဲခဲ့ပြီး ဓမ္မာရုံတစ်ခုလုံး လုံးဝ ပျက်စီးသွားကြောင်း သိရသည်။

ဗုံးစ လာစဥ်မှုကြောင့် ရွာထဲရှိ ဦးအောင်ကျော်သိန်းတွင်လည်း ညာဘက်တင်ပါးတွင် ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက "တင်ပါးတစ်ခုလုံး ထိသွားတယ်။ အရိုးတွေကို မထိရင်တောင် ဆေးတာရှည် ကုရမဲ့ အခြေအနေပါ"ဟု ပြောသည်။

ထို့အပြင် စစ်တွေမြို့ရှိ စစ်ကောင်စီတပ်ရင်းများကလည်း ပေါက်တောမြို့နယ်ရှိ တောင်းဖူး၊ တောင်ဦးမော်၊ သဲခုံ၊ မင်းတဲ စသည့်ကျေးရွာများကို လက်နက်ကြီးများဖြင့် တစ်ညလုံးပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကွမ်းတောင်ရွာ၊ မြောင်ကြီးရွာနှင့် အိုင်ဒင်ရွာတို့အားလည်း လေကြောင်းမှ ပေါင် (၅၀၀)ဗုံးများဖြင့်လည်းကောင်း၊ စစ်တွေရှိတပ်ရင်းများက လက်နက်ကြီးများဖြင့်လည်းကောင်း ပစ်ခတ်ခဲ့ရာ အိုင်ဒင်ရွာမှ ကိုညီညီအောင် လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်

ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ကျေးရွာရှိ လူနေအိမ် ၆ လုံးနှင့် ​မြောင်ကြီးကျေးရွာရှိ နေအိမ်အချို့လည်း ကျည်စထိမှန် ပျက်စီးသွားခဲ့ရသည်ဟု သိရသည်။

ယင်းအပြင် ပုဏ္ဏားကျွန်းမြို့နယ်၊ ပန်းနီလာကျေးရွာ စာသင်ကျောင်းတွင် ယာယီ ဖွင့်လှစ်ထားသည့် ပြည်သူ့ဆေးရုံအားလည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ဆေးရုံသုံးပစ္စည်းများနှင့် စာသင်ကျောင်းအဆောင်များ ပျက်စီးသွားခဲ့ရသော်လည်း လူများထိခိုက်မှုမရှိကြောင်း ကြားသိရသည်။

ပေါက်တောမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြင်းပြင်းထန်ထန်ပြုလုပ်တော့မည်ဟုလည်း စစ်ကောင်စီလော်ဘီများက ယမန်နေ့တွင် လူမှုကွန်ရက်များ၌ ရေးသားထားကြသည်။

ဓာတ်ပုံ - APM

 

ဆက်စပ် သတင်းများ