ဗုဒ္ဓဟူး၊ အောက်တိုဘာလ ၉ရက်၊ ၂၀၂၄

ရန်ကုန်တွင်နေထိုင်သူ ရခိုင်တေးသံရှင် ဆုမြတ်ထက်နှင့် တူမဖြစ်သူကို စစ်ကောင်စီ နေအိမ်ကနေခေါ်ဆောင်သွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 134

( ဘဏ်စာအုပ်တွေ သိမ်းသွားသည့်အတွက် ရေဘးအလှူကိစ္စနှင့် ပတ်သက်နိုင်) 

ကြိုင်ဟိန်းလင်း၊ နိရဉ္စရာ၊ အောက်တိုဘာ ၉ / ၂၀၂၄

ရန်ကုန်တွင် နေထိုင်သည့် ရခိုင်တေးသံရှင် ဆုမြတ်ထက်နှင့်  သူမ၏ တူမဖြစ်သူတို့ကို အောက်တိုဘာ ၇ ရက်နေ့ နေ့လယ်ပိုင်းက စစ်ကောင်စီ စရဖတပ်ဖွဲ့ဝင်များနှင့်  ရဲများက သူမ၏ တာမွေနေအိမ်ကနေ ခေါ်ယူသွားခဲ့သည်ဟု သတင်းရရှိသည်။

“ ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ နေအိမ်ကနေ စရဖ၊ရဲနဲ့ ရပ်ကွက်က အုပ်ချုပ်ရေးအဖွဲ့တွေ လာခေါ်သွားတာပါ။ စစ်ဆေးစရာရှိတယ်ဆိုပြီး ခေါ်သွားတာပါ။ နောက်ထပ်တော့ ဘာမှတော့ ပြောမသွားဘူးလို့ သိရပါတယ်”ဟု အမည်မဖော်လိုသော သူမ၏ အသိမိတ်ဆွေတစ်ဦးက ပြောကြားသည်။

ယခုလို ခေါ်ယူသွားသည်ကို သက်ဆိုင်သူများက တစ်စုံတစ်ရာ ဘာမှ မပြောခဲ့သော်လည်း ရခိုင်ရေဘေး အလှူကိစ္စနှင့် ပတ်သက်နိုင်သည်ဟု သူက ပြောသည်။ 

“ သူမကို ခေါ်သွားပြီးတဲ့နောက် သိပ်မကြာခင်ဘဲ ရဲတွေက သူမရဲ့ နေအိမ်ကို ထပ်ရောက် ရှိလာပြီး အိမ်ခန်းကို ရှာဖွေ မွှေနှောက်ကာ ဘဏ်စာအုပ်တွေကို သိမ်းသွားတယ်လို့ သိရတယ်။ အခုက ရေဘေးအလှူကိစ္စနဲ့ ပတ်သက်နိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်” ဟု  ဆက်လက် ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီသည်  ရခိုင်ပြည်အတွင်း အတိဒုက္ခရောက်နေကြသည့် ရေဘေးသင့် ပြည်သူများကို သူတို့ကိုယ်တိုင်လည်းမလှူ၊ တစ်ခြား ကိုယ်ထူကိုယ်ထ လှူဒါန်းသူများကိုလည်း တင်းတင်းကျပ်ကျပ် ပိတ်ပင်တားမြစ်ထားသည်ဟု သိရသည်။ 

တေးသံရှင်ဆုမြတ်ထက်သည်  စက်တင်ဘာလအတွင်းက ရခိုင်မှာရေကြီးမှုအတွင်း ရေဘေးသင့်ခဲ့ရသည့် ပြည်သူများ အတွက် အလှူငွေများ ကောက်ခံစုဆောင်းပြီး လှူဒါန်းမှုများကို လူသိရှင်ကြား ပြုလုပ်ခဲ့သူ တစ်ဦးလည်း ဖြစ်သည်။

လက်ရှိသူမကို မည်သည့် နေရာခေါ်သွားသည်ကို မသိရသေးသည့် အတွက် သူမ၏ မိသားစုများနှင့် သူမကို ချစ်ခင်မြတ်နိုးကြသည့်  ရခိုင်ပြည်သူများအကြားတွင် စိုးရိမ်မှုများလည်း မြင့်တက်နေသည်။

ရန်ကုန်နေ ရခိုင်ဒေသခံ အမျိုးသမီးတစ်ဦးက "သူနဲ့ တူမကို ဖမ်းဆီးသွားတာကတော့ မှန်ပါတယ်။ ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်။ ဘာကြောင့် ဖမ်းဆီးသွားတယ် ဆိုတာကို မသိရသေးတော့ စိုးရိမ်စရာဖြစ်နေရတယ်လို့ "ဟု ပြောသည်။

ရန်ကုန် တာမွေမြို့နယ်က အမျိုးသားတစ်ဦးကလည်း "သူဖမ်းဆီးခံရတာကြားတော့ စိတ်က လုံးဝမကောင်းဖြစ်သွားတယ်။ သူက ကိုယ့်ရဲ့ အမျိုးဘာသာအတွက်လည်း အလုပ်လုပ်တယ်။ အရမ်းလည်း စိုးရိမ်မိတယ်။ အခုရခိုင်ဆိုရင် ရန်ကုန်မှာ စိုးရိမ်နေရတဲ့ အနေအထားပါ" ဟု ပြောသည်။

ရခိုင်ပြည်၊ မာန်အောင်ကျွန်းသူ ရခိုင်တေးသံရှင် အဆိုတော်ဆုမြတ်ထက်သည် လူသိများသော တေးသံရှင် တစ်ဦးဖြစ်ပြီး ရန်ကုန်တွင်အခြေချနေထိုင်ကာ ရခိုင်ရိုးရာ ပိုးထည်၊ ချည်ထည်အမျိုးမျိုးနှင့် ပါတိတ်အမျိုးမျိုးကို ဆိုင်ဖွင့်ရောင်းချနေသူ တစ်ဦး ဖြစ်သည်ဟု သိရသည်။ 

ဓာတ်ပုံ - ဆုမြတ်ထက် ဖေ့စ်ဘုတ်

ဆက်စပ် သတင်းများ