ဗုဒ္ဓဟူး၊ အောက်တိုဘာလ ၉ရက်၊ ၂၀၂၄

ရခိုင်က နယ်စပ်ကုန်သွယ်ရေးစခန်း ၂ ခုကို စစ်ကောင်စီ လက်လွှတ်လိုက်ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 68

လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ အောက်တိုဘာ ၉ / ၂၀၂၄

စစ်ကောင်စီက ရခိုင်ပြည်မြို့တော် စစ်တွေနှင့် မောင်တောမြို့၏ အစိတ်အပိုင်းအနည်းငယ်အား ထိန်းချုပ်ထားဆဲဖြစ်သော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုန်သွယ်မှုပြုလုပ်နေသည့်  နယ်စပ် ကုန်သွယ်ရေး စခန်းနှစ်ခုကို လုပ်ငန်းလည်ပတ်နိုင်မှုမရှိတော့ဘဲ ရပ်နားထားလိုက်ရပြီဟု သိရသည်။

စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်မြို့တော်စစ်တွေနှင့် မောင်တောမြို့တို့ရှိ နယ်စပ်ကုန်သွယ်ရေးစခန်းများသည် စစ်ပွဲများကြောင့် ကုန်သွယ်ရေးရပ်ဆိုင်းနေကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (ISP-Myanmar) က အောက်တိုဘာလ ၄ ရက်တွင် ထုတ်ပြန်ထားသည်။

အာဏာသိမ်းပြီးသုံးနှစ်ကျော်ကာလအတွင်း စစ်တွေမြို့ရှိနယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၀ ဒသမ ၃၂ သန်းသာရှိခဲ့ပြီး မောင်တောမြို့တို့ နယ်စပ် ကုန်သွယ်ရေးစခန်းများမှ ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၀ ဒသမ ၀၃ သန်းသာ ရှိခဲ့ကြောင်း ISP-Myanmar ကထုတ်ပြန်ထားသည်။

‌ရခိုင်မှ နယ်စပ်ကုန်သွယ်ရေးစခန်းများသည် ရခိုင်နှင့် ဘင်္ဂလားကို ကုန်သွယ်မှု ပြုလုပ်ပြီး  ပြည်ပဝင်ငွေရရှိနေသည့် မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ်မှ အဓိကနေရာများ ဖြစ်သော်လည် လက်ရှိစစ်ပွဲများကြောင့် ရပ်တန့်နေခြင်းဖြစ်သည်။ 


လက်ရှိတွင် မောင်တောခရိုင်အတွင်း စစ်ကောင်စီ တပ်စခန်းများအားလုံးကို အာရက္ခတပ်တော်က သိမ်းပိုက်ထားပြီး စစ်ကောင်စီ၏ အမှတ်(၅)နယ်ခြား စောင့်ရဲတပ်ဖွဲ့ခွဲ (နခခ-၅) တစ်ခုတည်းသာ ကျန်ရှိတော့သည်။

မောင်တောနယ်စပ်ကုန်သွယ်ရေးအပါအဝင် ကျန်သည့်နေရာများကိုလည်း AA က သိမ်းပိုက်ထားပြီဖြစ်သည်။

စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းမှာမူ စစ်ကောင််စီ၏ထိန်းချုပ်မှု အောက်တွင် ရှိနေ သေးသော်လည်း တိုက်ပွဲများကြောင့် လုပ်ငန်းလည်ပတ်နိုင်ခြင်းမရှိတော့ဟု သိရသည်။

ယခုကဲ့သို့နယ်စပ်ကုန်သွယ်ရေးစခန်းများ ရပ်တန့်သောကြောင့် စစ်ကောင်စီ၏ အခွန်အခများ ဆုံးရှုံးသွားသကဲ့သို့ ကုန်သည်များအတွက်လည်း ဆုံးရှုံးမှုများရှိနေကြောင်း ရခိုင်ကုန်သည်များ ထံမှ သိရသည်။

ထို့အပြင် အာဏာသိမ်းသုံးနှစ်ကျော်အတွင်း အမေရိကန်ဒေါ်လာ ၉ ဒသမ ၄၈ ဘီလီယံရခဲ့သည့် နယ်စပ်ကုန်သွယ်ရေးစခန်းငါးခုသည် ၁၀၂၇ စစ်ဆင်ရေးစပြီးနောက် စစ်ကောင်စီမှ လက်လွှတ် ဆုံးရှုံးထားရကြောင်းလည်း ISP-Myanmar က ထုတ်ပြန်ထားသည်။

အဆိုပါကုန်သွယ်ရေးစခန်းများမှာ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေး၊ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး၊ မယ်စဲ့ နယ်စပ်ကုန်သွယ်ရေး၊ ရိဒ် နယ်စပ်ကုန်သွယ်ရေးနှင့် မူဆယ် နယ်စပ်ကုန်သွယ်ရေးတို့ဖြစ်ကြောင်း သိရသည်။



အာဏာသိမ်းမှုအလွန် သုံးနှစ်ကျော်ကာလအတွင်း တရားဝင်နယ်စပ်ကုန်သွယ်ရေးစခန်း ၁၇ ခု၏ နေ့စဉ်ပျမ်းမျှကုန်သွယ်မှုတန်ဖိုး စုစုပေါင်းမှာ တစ်ရက်လျှင် အမေရိကန်ဒေါ်လာ ၂၂ သန်း ကျော်ရှိကြောင်း ISP-Myanmar က ဆိုသည်။

ထိုအထဲတွင် မြန်မာ-ထိုင်းနယ်စပ်ရှိ နဘုလယ်/ထီးခီးစခန်း၏ ကုန်သွယ်မှုမှာ အများဆုံးဖြစ်ပြီး နေ့စဉ်ပျမ်းမျှ အမေရိကန်ဒေါ်လာ ၆ ဒသမ ၆၉ သန်းရှိသည်။

အဆိုပါတန်ဖိုးများမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ်၊ ဇွန်လအထိရှိခဲ့သော နယ်စပ် ကုန်သွယ်မှု တန်ဖိုး စုစုပေါင်းအပေါ်မူတည်၍ အကြမ်းဖျင်း တွက်ချက်ထားခြင်း ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- မောင်တောရှိ ကညင်ချောင်းစီးပွားရေးဇုန်အားတွေ့ရစဥ်။ (ပုံဟောင်း)

ဆက်စပ် သတင်းများ