ကြာသပတေး၊ အောက်တိုဘာလ ၁၇ရက်၊ ၂၀၂၄

ရခိုင်တွင် သီတင်းကျွတ်နှင့် တန်ဆောင်မုန်းကာလ လူစုလူဝေးမလုပ်ကြရန် AA ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 1.4k

(ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်လည်း နိုင်ငံရေး အခြေအနေများကြောင့် ရခိုင်လူမျိုးများ ဝါကျွတ်နှင့် ကထိန်ပွဲတော်များကျင်းပမည်မဟုတ်)

ကြိုင်ဟိန်းလင်း၊ နိရဉ္စရာ၊ အောက်တိုဘာ / ၂၀၂၄

ရခိုင်တွင် လာမည့်သီတင်းကျွတ်နှင့် တန်ဆောင်မုန်းကာလအတွင်း လူစုလူဝေး မလုပ်ကြရန် ရခိုင်ပြည်သူများကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/ AA) က အသိပေး တိုက်တွန်းချက် ထုတ်ပြန်ထားကြောင်း သိရသည်။

အလားတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်လည်း နိုင်ငံရေး အခြေအနေများကြောင့် ရခိုင်လူမျိုးများ အနေဖြင့် နှစ်စဉ်စည်ကားစွာ ကျင်းပလေ့ရှိသည့် ဝါကျွတ်ပွဲတော်နှင့် ကထိန်ပွဲတော်များကို ကျင်းပမည်မဟုတ်ကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့်  အရပ်သားများ အစုလိုက်အပြုံလိုက် သေဆုံးမှုရှိလာပြီးနောက် AA သီတင်းကျွတ်ကာလနှင့် တန်ဆောင်မုန်းကာလတွင် ပွဲလန်းသဘင်များနှင့် လူစုလူဝေးများ မပြုလုပ်ကြရန် အသိပေးမှု ထွက်ပေါ်လာခြင်းဖြစ်သည်။ 

လက်ရှိတွင် စစ်ကောင်စီတပ်က အရပ်သားပြည်သူများနေထိုင်ရာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း လေကြောင်းတိုက်ခိုက်မှုများကို ယခင်ကထက် ပိုမိုလုပ်ဆောင်လာနေသည့် အတွက် ULA/ AA သတိပေးမှုအပေါ် လိုက်နာရန် လိုအပ်သည်ဟု ရခိုင်အမျိုးသမီးဖြစ်သူ မမြတ်အေးက ပြောသည်။




"အဲဒါကိုတော့ လိုက်နာသင့်တယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကဆိုရင် ကမ်းထောင်းကြီးမြို့ကို ဗုံးကြဲလို့ ဥပုသ်သည်တွေ ဒဏ်ရာရသွားတာတွေရှိတယ်။ သူတို့ရဲ့ပစ်မှတ်က ဘယ်နေရာဆိုတာကို မသိဘူး။ အဲဒါကြောင့် လူစုလူဝေးမလုပ်ဘဲနဲ့ ဆင်ဆင်ခြင်ခြင် နေတာက ကောင်းပါတယ်" ဟု ပြောသည်။

စစ်ကောင်စီက စစ်ရာဇဝတ်ကျူးလွန်မှုများကို နေ့စဉ်ရက်ဆက် ပြောင်ပြောင်းတင်းတင်း ကျူးလွန်လာသောကြောင့် ရခိုင်ပြည်တွင် လူစုလူဝေးများကို အတတ်နိုင်ဆုံး ရှောင်ရှားကြရန် ULA/AA တာဝန်ရှိသူများက မြို့၊ ရွာများတွင် အသံချဲ့စက်များဖြင့် သတိပေး ဆော်ဩလျက်ရှိကြောင်း သိရသည်။

သတိပေး ကြေညာရာတွင် သီတင်းကျွတ်ကာလအတွင်း ဆောင်းဘောက်များတင်ကာ ကားပတ်ခြင်းများကို မပြုလုပ်ကြရန်နှင့် ဘုရား၊ ကျောင်းကန်များတွင် လူစုလူဝေးပြုလုပ်ကာ ဥပုသ်သီလ ဆောက်တည်ခြင်းစသည်တို့ကို မပြုလုပ်ကြရန်စသည့် အချက်များ ပါဝင်သည်ဟု ဆိုသည်။ 

ယခုရက်ပိုင်းအတွင်း အကြမ်းဖက် စစ်ကောင်စီသည် ရခိုင်ပြည်အတွင်းရှိ လူနေကျေးရွာများကို ပစ်မှတ်ထားကာ  ဗုံးကြဲတိုက်ခိုက်သဖြင့် သေဆုံးမှုများ ရှိနေပြီး တောင်ကုတ်မြို့နယ် တန်းလွှဲရွာမမြို့တွင် အောက်တိုဘာ ရက် ညက ဗုံးကြဲတိုက်သဖြင့် ကလေးငယ် တစ်ဦးနှင့် အမျိုးသမီး ဦး အပါအဝင် ၁၃ ဦးသေဆုံးခဲ့သည်။

အလားတူ တောင်ကုတ်မြို့နယ် ကင်းတောင်၊ မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့၊ မောင်တောတောင်ပိုင်း ခရေမြိုင်းကျေးရွာ၊ ပေါက်တောမြို့နယ် နတ်တောင်ပြင်ကျေးရွာ၊ ပုဏ္ဏားကျွန်းမြို့နယ် ပန်းနီလာနှင့် မြောင်ကြီး၊ စစ်တွေမြို့နယ်မှ ဝါးဘိုနှင့် မင်းလှ စသည့် ကျေးရွာများအားလည်း ယခုရက်ပိုင်းအတွင်း ဗုံးကြဲတိုက်ခိုက်၍ အရပ်သား တစ်ဒါဇင်ခန့် သေဆုံးခဲ့ရသည်ဟု သိရသည်။

နိရဥ္စရာမှ ကောက်ခံထားသည့်စာရင်းအရ ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ဗုံးကြဲမှုကြောင့် စစ်သုံ့ပန်းများအပါအဝင် ၉၃ ဦးသေဆုံးခဲ့ပြီး ၁၃၈ ဦး ဒဏ်ရာရရှိခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်လည်း နိုင်ငံရေး မတည်ငြိမ်မှုနှင့် လူနည်းစုများအပေါ် တိုက်ခိုက်မှုများရှိနေသဖြင့် ရခိုင်လူမျိုးများအနေဖြင့် ဝါကျွတ်ပွဲတော်နှင့် ကထိန်ပွဲများကို ကျင်းပပြုလုပ်ကြမည် မဟုတ်ဟု သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရခိုင်လူမျိုးများအနေဖြင့် ဝါကျွတ်ပွဲတော်အတွင်း ဆီးမီးထွန်းညှိခြင်း၊ မီးပုံများလွှတ်တင်ခြင်း၊ မြစ်အတွင်း ဆီးမီးဖောင်မျှော်ခြင်း၊ ဆွမ်းကျွေးခြင်း၊ ဥပုတ်သီလ ဆောက်တည်ခြင်းတို့ကို ပြုလုပ်လေ့ရှိသည်ဟု သိရသည်။

ဆက်စပ် သတင်းများ