ကြာသပတေး၊ အောက်တိုဘာလ ၁၇ရက်၊ ၂၀၂၄

ကျောက်တော် ညောင်ချောင်းရွာတွင် မိုးကြိုးပစ်ခံရ၍ အမျိုးသားတစ်ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 2k

စောရှင်မေ၊ နိရဉ္စရာ၊ အောက်တိုဘာ ၉/၂၀၂၄

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ညောင်ချောင်းကျေးရွာမှ အမျိုးသားတစ်ဦးမှာ ယနေ့ မျှစ်ချိုး၍ပြန်လာစဉ် မိုးကြိုးပစ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသူမှာ အသက် (၃၇)အရွယ် ကိုမျိုးမင်းဆွေဖြစ်သည်။

ယနေ့ အောက်တိုဘာ ၉ ရက်၊ ညနေ ၆ နာရီကျော်ခန့်တွင် အဆိုပါရွာ၏ အရှေ့ဘက် ငါးမိုင်ခန့်တွင်ရှိသည့် တောင်တန်းမှ မျှစ်ချိုး၍ ပြန်လာစဉ် ရွာအနီးတွင် မိုးကြိုးပစ်ခံရပြီး လဲကျသေဆုံးသွားကြောင်း ရွာသားတစ်ဦးက ပြောသည်။

"နေရာတင် ပွဲချင်းပြီးသေတာပါ။ ဦးခေါင်းအနောက်မှာ အပေါက်နှစ်ပေါက်တွေ့တယ်။ မျက်နှာတွေတော့မဲတူးသွားတာပေါ့"ဟု ပြောသည်။

သေဆုံးသူသည် လယ်ယာ၊ ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးအလုပ်နှင့် ကျပန်းလုပ်ကိုင်ပြီး ၆ နှစ်အရွယ်သားတစ်ဦးနှင့် အမျိုးသမီးဖြစ်သူကို လုပ်ကိုင်ရှာကျွေးနေသူဖြစ်ကြောင်း သိရသည်။
 
ရခိုင်ပြည်တွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၆ ရက်တစ်နေ့တည်းတွင် မိုးကြိုးပစ်ခံရ၍ ပုဏ္ဏားကျွန်းမြို့နယ်နှင့် မြောက်ဦးမြို့နယ်တို့မှ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားသုံးဦးတို့ သေဆုံးသွားခဲ့သည်။

ဇွန်လ ၁၇ ရက်တွင်လည်း ကျောက်တော်မြို့နယ်၊ အောင်ဇေယျကျေးရွာမှ အမျိုးသမီးတစ်ဦး မိုးကြိုးပစ်ခံရ၍ အရေးပေါ်ဆေးရုံတင်ခဲ့ရကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် မေလအတွင်းကလည်း မိုးကြိုးပစ်ခံရ၍ ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့မှ Grade 8 နှင့် Grade 11 ကျောင်းသားနှစ်ဦး၊ ကျောက်ဖြူမြို့နယ်၊ မင်းချောင်းကျေးရွာမှတစ်ဦးနှင့် ရသေ့တောင်မြို့နယ်၊ ပြိန်းတောကျေးရွာမှ (၄)နှစ်အရွယ် မောင်ခိုင်ဟိန်းဖြိုးတို့ သေဆုံးသွားခဲ့သည်။

ဓာတ်ပုံ - အင်တာနက် (ပုံအဖြစ်ဖော်ပြခြင်းသာ)

ဆက်စပ် သတင်းများ