Preview

စစ်ကာလအတွင်း အလုပ်အကိုင်ရှားပါး၍ ၇ခိုင်မျိုးနွယ်စုများ၏ ဘ၀ရပ်တည်ရေး ပိုမိုခက်ခဲလာ

အောက်တိုဘာ ၁၀/ ၂၀၂၄ | ကြည့်ရှုသူ :1095
ရခိုင် သတင်း

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ အောက်တိုဘာ ၁၀/၂၀၂၄

ရခိုင်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နဂိုကတည်းကဆင်းရဲနွမ်းပါးကြသည့် ရခိုင်မျိုးနွယ်စုဝင်လူမျိုးများမှာ အလုပ်အကိုင်ရှားပါးမှု၊ ဝင်ငွေပုံမှန်မရှိမှုတို့ကြောင့် ဘ၀ရပ်တည်ရေး များစွာခက်ခဲလာသည်ဟု နိရဉ္စရာသတင်းဌာနသို့ ပြောဆိုသည်။

ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ရှောင် မြိုအမျိုးသားတစ်ဦးက "ကျွန်တော်တို့ လူမျိုးတွေက အရင် ကတည်းက ရခိုင်တွေနဲ့ စာရင်အရမ်းဆင်းရဲပါတယ်။ အခုက မျှစ်ချိုး၊ ထင်းခွေ ရရာ အလုပ်ကိုလုပ်တာတောင် မိသားစု ထမင်းမစားရဘူး။ အခုက စစ်ရှောင်တွေများလာတယ်။ အလုပ်ကလည်း အလုအယက်လုပ်တာတောင် ထမင်းနေ့တိုင်းစား၇ဖို့ ခက်ခဲနေပါတယ်”ဟု ၎င်းက ပြောဆိုသည်။

အလုပ်လက်မဲ့သူများလာသဖြင့် ၎င်းတို့လုပ်ကိုင်နေသည့်မျှစ်ချိုး၊ ထင်းခွေအလုပ်များကိုလည်း လုပ်ကိုင်သူများလာ၍ ဈေးများတွင် အပြိုင်အဆိုင်ရောင်းချရ၍ ဈေးကောင်းလည်း မ၇ကြောင်း သူက ပြောသည်။

“စစ်ဘေးရှောင်လာတဲ့ရခိုင်တွေမှာလည်း အလုပ်အကိုင်ရှားတော့ မျှစ်ချိုးတဲ့သူများလာတယ်။ ထင်းခွေတဲ့သူများလာတယ်။ အရင်ကမလုပ်ဖူးတဲ့သူတွေပါလုပ်လာတော့မျှစ်ဆိုလည်း သိပ်မရဘူး။ အဲလိုပေါ့နော်။ ထမင်းစားဖို့အနိုင်နိုင်ရုန်းကန်နေကြ၇တယ်။ဘ၀ရပ်တည်ရေးက အင်မတန်ခက်ခဲလာတယ်။ ယောကျာ်းရော၊ မိန်းမရော ဒီအလုပ်လုပ်ကြရတယ်။မသေရုံတမယ် အားတင်းနေရတယ်" ဟု နိရဉ္စရာ သတင်းဌာနကို ပြောသည်။

၇ခိုင်မျိုးနွယ်စုဝင် ခုနှစ်ခုအနက် မြို၊ သက်၊ ခမီနှင့် ဒိုင်းနက်လူမျိုးတို့သည် တောင်ယာကို အဓိက လုပ်ကိုင်စားသောက်ကြသူများဖြစ်ကြသည်။


တိုက်ပွဲကြောင့် သူတို့လုပ်ကိုင်စားသောက်ရာ တောတောင်များတွင်မိုင်းနှင့်စစ်လက်နက် အကြွင်းအကျန် ပစ္စည်းများရှိနေသည့်အတွက် တောတောင်များသို့လည်း သွားရောက်လုပ်ကိုင်  နိုင်ခြင်းလည်း မရှိဟု ဆိုသည်။

မြောက်ဦးမြို့နယ်ရှိ ဒိုင်းနက်(ခေါ်)သက္ကမကျေးရွာများမှအမျိုးသမီးများမှာလည်း အလုပ်အကိုင် ရှားပါးမှုကြောင့် စိုက်ပျိုးရေးအငှားလုပ်ကိုင်နေရသည်ဟု နန်းကျကျေးရွာမှ ဒိုင်းနက်(ခေါ်)သက္ကမအမျိုးသမီးငယ်တစ်ဦးက နိရဉ္စရာ သတင်းဌာနကို ပြောသည်။

"ပျိုးစိုက်တဲ့ရာသီဆိုရင် ပျိုးအငှားစိုက်တယ်။တစ်ရက်ကိုတစ်သောင်းလောက်ရတယ်။ ခရမ်းစိုက်တဲ့ ဆောင်းရာသီဆို ခရမ်းစိုက်တယ်။ငါးထောင်ရတယ်။ အရင်ကဆို ရန်ကုန်လမ်းဖွင့်တော့ အထည်တွေမှာပြီး ရောင်းကြတယ်။အသီးအနှံတွေရောင်းကြတယ်။စိုက်ကြတယ်။ ရန်ကုန်က မျိုးစေ့တွေမှာပြီးစီးပွားဖြစ်စိုက်ကြတယ်။ အခုက မျိုးစေ့တွေလည်း မဝင်ဘူး။ ဝင်တော့လည်း  ဈေးကြီးတယ်။ စီးပွားဖြစ်မစိုက်နိုင်တော့ဘူး။အလုပ်အကိုင်က အရမ်းရှားတော့ ရာသီအလိုက် ပေါ်တဲ့ အလုပ်ပဲလိုက်လုပ်ကြတာများတယ်။ အရင်တုန်းကလောက်တော့ဘယ်အဆင်ပြေပါ့မလဲ" ဟု ပြောသည်။

အလုပ်အကိုင်ရှားပါးသည့်အပြင် လက်ရှိတွင် ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ပေါက်တောနှင့် မင်းပြားမြို့နယ် အနှံ့အပြားတွင် ကျန်းမာရေး မကောင်းသူများနေပြီး ဆေးဝါးကုသရန်လည်း မတတ်နိုင်ဘဲဖြစ်နေကြသည်ဟုဆိုသည်။

ကျေးလက်ဒေသအများအပြားတွင် သောက်သုံးရေမသန့်ရှင်းမှုကြောင့် အရေပြားယားယံကာ ယားနာများ ဖြစ်နေကြသည်ဟု သိရသည်။

ဆေးဝါးကုသစရိတ် အခက်အခဲဖြစ်နေကြသည့်အတွက် အလွန်ပင်စိတ်ထိခိုက်ရသည်ဟု လည်း မြောက်ဦးမြို့နယ်၊ ခမောင်းတက်ကျေးရွာမှစစ်ရှောင်အမျိုးသမီးတစ်ဦးက နိရဉ္စရာသတင်းဌာန ကို ပြောသည်။

"အကူအညီလည်းအခုချိန်ထိ တစ်ခါမှ မရဖူးဘူး။ ဆေးကုသဖို့ ပိုက်ဆံကမတတ်နိုင်။ အမျိုးမျိုး ဒုက္ခတွေနဲ့ကြုံနေရတော့ ရှင်သန်ချင်စိတ်နည်းပါးလာတယ်။ သားသမီးတွေအတွက် ဘ၀ရပ်တည်ရေး သိပ်ခက်ခဲလာတယ်။ အစစအရာရာပေါ့" ဟုပြောသည်။

ဘူးသီးတောင်၊ မောင်တောမြို့နယ်ဖက်တွင်လည်းအလုပ်အကိုင်ရှားပါးလာသဖြင့် ရခိုင် လူမျိုးများသာမက မြို၊ ဒိုင်းနက်(ခေါ်)သက္ကမနှင့် သက်အပါအဝင်အမျိုးသားအများစုမှာ ဆိုင်ကယ် ကယ်ရီအငှားလိုက်ကြပြီး တစ်ရက်စာတစ်ရက် ဝမ်းစာအတွက်ရုန်းကန်ရှာနေရကြောင်း သိ၇သည်။

မောင်တောမြို့နယ် တောင်ပိုင်း ကိုင်းကြီးကျေးရွာကမြိုအမျိုးသားတစ်ဦးက “အခုက တောင်ကိုလည်းမသွားနိုင်ဘူး။ ငါးရှာ သွားလို့လည်း မရဘူး။ အာဆာအကြမ်းဖက်အဖွဲ့တွေက လူတွေကို လိုက်သတ်နေတယ်။လူတိုင်းအကုန်သူ ဒုက္ခဖြစ်နေကြတယ်။ မြိုလူမျိုးတွေကို ကူညီ ပေးစေချင်ပါတယ်။ တစ်ခြားလူမျိုးတွေကိုလည်း ရိက္ခာတွေရစေချင်တယ်။ နိုင်ငံခြားကရော ဟို ငွေရှိတဲ့ သူတွေရောလှူစေချင်ပါတယ်” ဟု ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်ရှိ ရခိုင်မျိုးနွယ်စုဝင်လူနည်းစုများတွင်လည်း အလုပ်အကိုင်ရှားပါးသည့်အတွက် စားဝတ်နေရေးကျပ်တည်းကာစိတ်ပိုင်းဆိုင်ရာထိခိုက်မှုများရှိလာကြောင်း အဆိုပါမြို့နယ်မှလူမှုရေးလုပ်နေသူများက ပြောသည်။ 

ရခိုင်မျိုးနွယ်စုဝင် လူနည်းစုများသည် ဘူးသီးတောင်၊ မောင်တော၊ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးစသည့်မြို့နယ်များတွင်များသောအားဖြင့်နေထိုင်ကြသည်။

မျိုးနွယ်စုတစ်ခုချင်းစီ၏လူဦးရေကိုမူ အတိအကျမသိနိုင်သော်လည်းအချို့မျိုးနွယ်စုမှာ လူဦးရေ ထောင်ဂဏန်းခန့်ရှိပြီး အချို့လူမျိုးများမှာ သိန်းဂဏန်းခန့်ရှိကြောင်း သိရသည်။

ယင်းအနက် မြိုလူမျိုးတို့သည် ရခိုင်ပြည်နယ်အတွင်း ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်တော် မြို့နယ်၊ ဘူးသီးတောင် မြို့နယ်မြောက်ပိုင်းနှင့် မောင်တောမြို့နယ်မြောက်ပိုင်းတို့တွင် နေထိုင်ကြသည်ဟု သိရသည်။ 

မြိုတိုင်းရင်းသား၏ စုစုပေါင်းလူဦးရေမှာ လေးသောင်းခန့်ရှိသည်ဟု ၂၀၂၄ ခုနှစ်၊ မေလအတွင်း မြိုစာပေနှင့်ယဥ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးဇနီဖြူနှင့် နိရဥ္စရာဆက်သွယ်မေးမြန်းစဥ် ပြောဆိုသွားခဲ့သည်။

ခမီလူမျိုးသည် ရခိုင်ပြည်နယ်အတွင်း အမ်း၊ ပေါက်တော၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်မြို့နယ်တို့တွင်နေထိုင်ကြသည်။ 

စုစုပေါင်းလူဦးရေ တစ်သိန်းကျော်ရှိကြောင်းလည်း၂၀၂၄ ခုနှစ်၊ မေလအတွင်း ခမီလူမျိုး ခေါင်းဆောင် တစ်ဦးနှင့် နိရဥ္စရာဆက်သွယ်မေးမြန်းစဥ်ပြောဆိုသွားခဲ့သည်။

ဒိုင်းနက်(ခေါ်)သက္ကမ လူမျိုးများသည် မြောက်ဦး၊ မင်းပြား၊ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်နှင့် မောင်တောစသည့်မြို့နယ်များအတွင်း လူဦးရေ သုံးသောင်းမှ လေးသောင်းကြား အထိနေထိုင်လျက်ရှိကြောင်း ယခင်စာရင်းများအရ သိ၇သည်။

ဓာတ်ပုံ - ရခိုင်ရှိ တောင်ယာလုပ်ငန်းသွားရောက်လုပ်ကိုင်သူအချို့ကိုတွေ့၇စဥ်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.