ကြာသပတေး၊ အောက်တိုဘာလ ၁၇ရက်၊ ၂၀၂၄

ထွက်ပြေးသွားသော တပ်ဖွဲ့ကို စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးရာမှ အချင်းချင်း ဂွရိုးပေါ်၌တိုက်ပွဲဖြစ်၍ တစ်ဦးသေ၊ တစ်ဦးဖမ်းဆီးထားစဉ်ပစ်သတ်ခံရ၊ နှစ်ဦးဖမ်းခေါ်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 2.1k

မင်းသျှင်စော၊ နိရဉ္စရာ ၊ အောက်တိုဘာ ၁၁/၂၀၂၄

စစ်ကောင်စီတပ်က ထွက်ပြေးသည့် စစ်သားများနှင့် ၎င်းစစ်သားများကို လိုက်လံဖမ်းဆီးသည့် စစ်သားများအကြား တိုက်ပွဲဖြစ်၍ တစ်ဦးသေပြီး  ၃ ဦးကို ဖမ်းထားစဉ်အတွင်း နောက်ထပ် တစ်ဦး ထပ်မံသတ်ဖြတ်ခံခဲ့ရသည်ဟု သတင်းရရှိသည်။

ဒေသခံတစ်ဦးက “ အောက်တိုဘာ ၁၀ ရက်နေ့က တပ်ထဲက စစ်သားတွေ ထွက်ပြေးတယ်လို့သိရတယ်။ ဒီနေ့ ၁၁ ရက်နေ့  မနက် အစောကြီးမှာ ဂွရိုး ၁၂ မိုင်မှာ ဖြစ်ကြတာ။ ဘယ်နှဦး ထွက်ပြေးတယ် ဆိုတာတော့ မသိဘူး။ အခု ထွက်ပြေးတဲ့အထဲက ပထမ တစ်ဦးသေတယ်။ ၃ ဦးဖမ်းမိတယ်။ ဖမ်းမိတဲ့ ၃ ဦးအထဲက နောက်ထပ် တစ်ဦး အသတ်ခံရတယ်။ ကျန် ဖမ်းမိတဲ့ နှစ်ဦးကိုတော့​ ဂွတပ်ရင်းကို ပြန်ဖမ်းလာတယ်လို့ သိရတယ်” ဟု ပြောသည်။

တိုက်ပွဲမှာ အောက်တိုဘာ ၁၁ ရက် နံနက်အစောကြီး ည ၃ နာရီအချိန်တွင် ဂွမြို့ရိုးကျော်လမ်းတွင် တပ်ကလက်နက်များနှင့် အတူ ထွက်ပြေးလာသည့် စစ်သားများနှင့် လုံခြုံရေး ကင်းယူထားသော ကာကင်းအဖွဲ့တို့အကြား ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ဒေသခံတစ်ဦးက "တိုက်ပွဲက မိနစ် ၂၀ နီးပါးဖြစ်ခဲ့တယ်။ ကျွန်တော်တို့က သေနတ်ပစ်သံတွေကို  ကြားတော့ အေအေနဲ့ ဖြစ်ကြတယ်လို့ ထင်တယ်။ မနက်မိုးလင်းမှ ထွက်ပြေးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်အချင်းချင်းပစ်ကြတာ။ သိရသလောက်ကတော့ ၁ ယောက်သေတယ်။  ဒဏ်ရာရတဲ့သူလည်း ရှိတယ်လို့ သိရတယ်"ဟု ပြောသည်။

တပ်က လက်နက်နှင့် ထွက်ပြေးသူ ၁၅ ဦးခန့်ရှိသည်ဟု ကြားသိရကြောင်း ၎င်းက ပြောဆိုသည်။

စစ်ကောင်စီတပ်သည် AA နှင့် ဖြစ်ပွားနေသည့် ဂွမြို့နယ်တိုက်ပွဲအတွင်း အကျအဆုံးများပြားနေပြီး ဒဏ်ရာရသူများ၊ ထွက်ပြေးသူများလည်း များပြားနေသည်ဟု ဒေသခံများက ပြောဆိုသည်။

အလားတူ အောက်တိုဘာ ၄ ရက်နေ့ကလည်း ပရဟိတ ကားတစ်စီးဖြင့် ထွက်ပြေးသည့် စစ်သား ၅  ဦးခန့်ကို ပြန်ဖမ်းမိသွားသည်ဟု သိရသည်။ 

" အောက်တိုဘာ ၄ ရက်နေ့ညနေအချိန်ကလည်း တိုင်ကျိုးရွာနားမှာ ပရဟိတကားပေါ်က ထွက်ပြေး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက်ကို ဖမ်းခေါ်သွားတာကို မြင်လိုက်ရပါတယ်။  အခုက ဂွမြို့နယ်မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ထွက်ပြေးသူများလာတယ်။ လမ်းစရိတ်မပါတဲ့အတွက် ပါလာတဲ့ သေနတ်ပြ ရွာကိုဝင်ပြီး ဓားပြတိုက်တာတွေလည်း ရှိ​နေပါတယ်"ဟု ၎င်းက ဆိုသည်။

များမကြာမီက ကျေးရွာတစ်ခုတွင် အဆိုပါ ဓားပြတိုက်မှုဖြစ်ပွားခဲ့ပြီး ၎င်းကျေးရွာသည် စစ်ကောင်စီ၏ အုပ်ချုပ်မူအောက်တွင် ရှိနေသည့် ကျေးရွာတစ်ရွာဖြစ်သည်။

အဆိုပါ ဓားပြတိုက်မှုတွင် လက်ဝတ်ရတချို့နှင့် လမ်းစရိတ်တချို့ ပေးလိုက်ရသည်ဟု သိရသော်လည်း မိသားစု လုံခြုံရေးကြောင့် ကျေးရွာအမည်နှင့် ပိုင်ရှင်အမည်ကို ထုတ်ဖော် မပြောနိုင်ဟုဆိုသည်။

စစ်ကောင်စီသည် ဂွမြို့ AA လက်ထဲ မကျရောက်စေရန် အကြီးအကျယ် အင်အားသုံး ကာကွယ်နေသော်လည်း စစ်သားအများစုမှာ စိတ်ဓာတ်ကျနေပြီး စစ်မတိုက်လိုတော့ဟု ကြားသိရကြောင်း ဒေသခံများက ပြောဆိုသည်။ ( Photo- NPnews)

 

ဆက်စပ် သတင်းများ