စနေ၊ အောက်တိုဘာလ ၁၂ရက်၊ ၂၀၂၄

တိုက်ပွဲပြင်းထန်လာသည့် အမ်းမြို့ မှ ဌာနဆိုင်ရာဝန်ထမ်းများ မြို့ကိုစွန့်ခွာနေကြ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 1k

မင်းသျှင်စော၊ နိရဉ္စရာ ၊ အောက်တိုဘာ ၁၁/ ၂၀၂၄

ရခိုင်ပြည်မှ ခရိုင်မြို့တစ်ခုလည်းဖြစ်၊ အနောက်ပိုင်းတိုင်းဌာနချုပ်တည်ရှိရာ မြို့တစ်ခုလည်း ဖြစ်သည့် အမ်းမြို့တွင် (စစ်တပ်နှင့်ရဲတပ်ဖွဲ့ကလွှဲပြီး) ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုများ မြို့ကို စွန့်ခွာ ထွက်ပြေးကြသည်ဟု သတင်းရရှိသည်။

အောက်တိုဘာ ၈ ရက်နေ့တွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ)မှ ကုန်ကားအစီး ၂၀ နဲ့ အတူ တပ်မိသားစုဝင်များကို ပြည်မဖက်သို့ ပို့ဆောင်ပြီးနောက် ဌာနဆိုင်ရာ ဝန်ထမ်းများလည်း မြို့ကို စွန့်ခွာနေကြသည်ဟု ဒေသခံတစ်ဦးက နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။

ဒေသခံတစ်ဦးက"အဓိက တိုက်ပွဲကမြို့အနီးအနားထိ ဖြစ်လာပြီ။ နောက်တစ်ခုက ပြည်မဖက်ကို တပ်မိသားစုဝင်များကို ပြောင်းရွှေ့သွားတာကို နောက်တစ်နေ့မှာ သတင်းကြားရတယ်။ အဲဒီတော့ ဌာနဆိုင်ရာဝန်ထမ်းတွေလည်း လစ်တော့တာပေါ့” ဟု ပြောသည်။ 

မြို့ကို စွန့်ခွာနေကြသူသည့် ဌာနဆိုင်ရာ ဝန်ထမ်းများမှာ စည်ပင်၊ မီးသတ်၊ ထွေအုပ်၊ လဝက၊ ပညာရေး၊ လျှပ်စစ်နှင့် တခြားဌာနများမှ ဝန်ထမ်းများဖြစ်ကြသည်ဟု သိရသည်။

“ မနေ့ကတော့ စည်ပင်ကတစ်ယောက်နဲ့ ထွေအုပ်ကတစ်ယောက်ကို စစ်တပ်က ဖမ်းမိသွားတယ်လို့ ကြားပါတယ်။ သူတို့က ရခိုင်တိုင်းရင်းသား ဒေသခံတွေ မဟုတ်ဘူး။ တခြားဒေသကဆိုတော့ လမ်းခရီးစဉ်ကို မသိလို့ ပြေးရတာခက်ခဲပုံရတယ်။ ဒါကြောင့် ဖမ်းမိသွားတယ်ထင်တယ်"ဟု ၎င်းက ပြောဆိုသည်။

ရခိုင်ဒေသခံမဟုတ်သော တခြားဌာနဆိုင်ရာဝန်ထမ်းများသည် နပခဌာနချုပ်မှ တပ်မိသားစုဝင်များကို ပြောင်းရွှေ့လိုက်ပြီဟု သတင်းများ ထွက်ပေါ်လာပြီးနောက် အမ်းမြို့ပေါ်တွင် AA နှင့် တိုက်ပွဲ ဖြစ်ပွားလာမည်ကို စိုးရိမ်ပြီး  ပြည်မဘက်နှင့် တစ်ခြား ဘေးလွတ်ရာ နယ်မြေများသို့ ထွက်ပြေး ကြသည်ဟု ဆိုသည်။

“ အမ်းမြို့ပေါ်က ထွက်ပြေးကြတဲ့ ဌာနဆိုင်ရာတွေ အထဲမှာတော့  ရဲတပ်ဖွဲ့ဝင်တွေ ပါတယ်လို့  မကြားမိဘူး။ တခြားဌာနဆိုင်ရာတွေက အောက်ခြေဝန်ထမ်းနဲ့ မိသားစုတွေ အများစုကတော့  ဘေးလွှတ်ရာကို ထွက်ပြေးနေကြတယ်” ဟု နောက်ထပ် အမ်းမြို့ခံဌာနဆိုင်ရာ ဝန်ထမ်းတစ်ဦးမှလည်း ပြောဆိုသည်။ 

အမ်းမြို့ အခြေစိုက် နပခဌာနချုပ်၏ အရေးပါသော ဗျုဟာတစ်ခုဖြစ်သည့်  မဲတောင်ဗျုဟာ သိမ်းပိုက် ခံရပြီးနောက်  AA၏ ထိုးစစ်သည် အမ်းမြို့အနီးသို့ ရောက်ရှိလာပြီး မြို့အနီးဝန်းကျင်တွင် ပစ်ခတ်မှုများ ဖြစ်ပေါ်နေသည်ဟု သိရသည်။ 

အမ်းမြို့တွင် အဝင်အထွက် လမ်းများကို စစ်တပ်က ပိတ်ထားလိုက်ပြီး နပခဌာနချုပ် အပါအဝင် တပ်ရင်းများ အနီးအနားသို့ သွားလာခွင့်များကို ကန့်သတ် ပိတ်ပင်ထားလိုက်ပြီဟု သိရှိရသည်။

ဆက်စပ် သတင်းများ