Preview

အမ်း နပခဌာနချုပ်လက်အောက်မှ ခမ၇ ၃၇၃ အပါအဝင် အရေးပါသောစစ်ရေးနေရာတချို့ကို စစ်ကောင်စီ ထပ်မံလက်လွှတ်ဆုံးရဟု သတင်းများထွက်ပေါ် လာ

အောက်တိုဘာ ၁၂/ ၂၀၂၄ | ကြည့်ရှုသူ :10341
ရခိုင် သတင်း

မင်းသျှင်စော၊နိရဉ္စရာ ၊အောက်တိုဘာ၁၂/ ၂၀၂၄

စစ်ကောင်စီသည် အနောက်ပိုင်းတိုင်းစစ်ဌာချုပ် (နပခ) လက်အောက်ရှိခမ၇(၃၇၃) တပ်ရင်းအပါအဝင် အရေးကြီးသော စစ်ရေးနေရာတချို့ကို ထပ်မံလက်လွှတ်ဆုံးရှုံးလိုက်၇သည်ဟုဒေသအတွင်း သတင်းများထွက်ပေါ်နေသည်။

စစ်ကောင်စီသည် မြေပြင်အင်အား အများအပြား အပါအဝင် လေကြောင်းကိုပါအသုံးပြုပြီး ခုခံကာကွယ်နေသည့်ကြားက အမ်းမြို့မှ အရေးပါသည့် အမြောက်ကုန်း ကမ်းဒိတ်တောင်နှင့်ခမ၇ (၃၇၃) ကို လက်လွှတ်လိုက်ရပြီဟု  ဒေသအတွင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာသို့ ပြောကြားသည်။

" တပ်တော်က  ကမ်းဒိတ်တောင်ကိုအရင်သိမ်းပြီးမှ ခမ၇ ၃၇၃ ကို သိမ်းတယ်လို့ ကြားရပါတယ်။ သိမ်းတာက ဟုတ်ပါတယ်။ မနေ့ညနေပိုင်းမှာပွဲပြတ်သွားပြီလို့ ကြားရပါတယ်။ အပြန်အလှန် ပစ်ခတ်တဲ့ လက်နက်ငယ်သံ မကြားရတော့ဘူး။ နေ့လယ်ကလည်း ဂျက်ဖိုက်တာနဲ့ ဗုံးလာကြဲတယ်။  ညအချိန် သတင်းကိုကြား၇တယ် ။၃၇၃ကိုသိမ်းထားပြီလို့။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တချို့ လက်နက်ချတယ်။ တချို့လေကြောင်းရန်ကာကွယ်ရေးတပ်ကို ထွက်ပြေးပြီး ပူးပေါင်း နေကြတယ်လို့ ကြား၇ပါတယ်။ "

နပခဌာနချုပ်နဲ့ခမ၇၃၇၃တပ်ရင်းသည် ၅ မိုင်ခန့် အကွာအဝေးတွင် တည်ရှိပြီးနောက်ဆုတ်သွားသော စစ်သားများသည် လေကြောင်းရန်ကာကွယ်ရေးတပ်နှင့် စရဖတပ်တွင် သွားရောက် ပူးပေါင်း နေသည်ဟု ဆိုသည်။

၎င်းခမ၇ (၃၇၃) အား အာရက္ခတပ်တော်မှ မဲတောင်ဗျူဟာကုန်းအားသိမ်းပြီးနောက် အောက်တိုဘာ ၁၀ ရက် ညနေပိုင်းက ထိုးစစ်ဆင်တိုက်ခိုက်ရာ အောက်တိုဘာ ၁၁ရက်နေ့ ညနေတွင် သိမ်းပိုက် ရရှိခဲ့သည် ဒေသခံများ၏ ပြောကြားချက်အရ သိ၇သည်။

အလားတူ ခမ၇ (၃၇၃) တောင်ကြောနှင့် တဆက်တည်းတည်ရှိသည့် အမြင့်ဆုံး တောင်ကြော တစ်ခုဖြစ်သည့် ကမ်းဒိတ်တောင် လက်နက်ကြီး အထိုင်စခန်းကိုလည်း ခမ၇ (၃၇၃) ကို မသိမ်းမီ  အောက်တိုဘာ ၁၁ ရက်နေ့လယ် ၂နာရီကျော်ကတည်းက အေအေ သိမ်းပိုက် လိုက်ပြီဟု ကြားသိ၇ကြောင်း ၎င်းကပြောကြားသည်။

ယခုခမ၇ (၃၇၃) တပ်ရင်းအပါအဝင် အရေးကြီးသည့် စစ်ရေးအချက်အချာနေရာများအားAAက သိမ်းပိုက်ခြင်းနှင့်ပတ်သက်ပြီး အာရက္ခတပ်တော်က တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးသဖြင့် သီးခြား အတည်ပြုနိုင်ခြင်းတော့မရှိသေးပါ။

စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း လေကြောင်းမှဗုံးကြဲတိုက်မှုကို အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီး ယမန်နေ့ ညနေ ၄ နာရီကျော်တွင် မဲလမောင်း အလယ်တန်းကျောင်းကိုဗုံးကြဲ၍ ကျောင်းဆောင်များ ပျက်စီးသွားကြောင်း သိ၇သည်။

စစ်ကောင်စီတပ်သားများသည် လေကြောင်းရန် ကာကွယ်ရေးတပ်ထဲရှိ  တောင်ကို ဥမင်လှိုင်ဂူဖောက်ထားကာ ယင်းအထဲကနေ၍ AA၏ ထိုးစစ်ကို ခုခံနိုင်ရန်အတွက် အသင့် ပြင်ဆင် ထားသည်ဟုလည်း တပ်တွင်းသတင်းရင်းမြစ်များအရသိ၇သည်။ 

 စစ်ကောင်စီတပ်အတွင်း အချင်းချင်း စိတ်ဝမ်းကွဲကာ စစ်သားအများစုမှာလည်း စိတ်ဓာတ်ကျနေပြီးစစ်တိုက်လိုစိတ်ကင်းမဲ့နေကြသဖြင့် အမ်းမြို့ အခြေစိုက်နပခဌာနချုပ်လည်း များမကြာမီ AA လက်ထဲကိုကျရောက်သွားနိုင်သည်ဟု ဒေသအတွင်း စစ်ရေးလေ့လာ အကဲခတ်နေသူများက ပြောကြားသည်။ Photo: YouTube

#အမ်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.