ကြာသပတေး၊ အောက်တိုဘာလ ၁၇ရက်၊ ၂၀၂၄

ဂွမြို့နယ် ရတနာမြိုင်စစ်ကောင်စီစခန်းကို AA က သိမ်းပြီးနောက် ဆက်လက်ထိုးစစ်ဆင်ရာ ဘဲအင်းနှင့်ဒယ်ဘုတ်ရွာအနီးတွင် တိုက်ပွဲပြင်းထန်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 6.3k

လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ အောက်တိုဘာ ၁၂  / ၂၀၂၄

ရခိုင်ပြည်၊ ဂွမြို့နယ်မှ ရတနာမြိုင် ( ကုလားပြင်) ရဲစခန်းတွင် အထိုင်ချထားသည့် စစ်ကောင်စီတပ်ကို အာရက္ခတပ်တော်(AA) သိမ်းပိုက်ပြီးနောက် သံတွဲ-ဂွကားလမ်း အတိုင်း  တောင်ဘက်သို့ ထိုးစစ်ဆက်လက်ဆင်လာရာ ဘဲအင်းနှင့် ဒယ်ဘုတ်ကျေးရွာ အနီးတစ်ဝိုက်တွင် တိုက်ပွဲများဆက်လက် ပြင်းထန်လျက်ရှိသည်ဟု သတင်းရရှိသည်။

ဒေသခံအမျိုးသားတစ်ဦးက “ ဒီနေ့ အောက်တိုဘာ ၁၂ ရက်နေ့ထိ တိုက်ပွဲပြင်းထန်နေပါတယ်။  နှစ်ဖက်ပစ်ခတ်နေကြတယ်။ ကုလားပြင်က ဆုတ်သွားတဲ့ တပ်က ခံစစ်အနေနဲ့ ခံပစ်နေတယ်။ အခုတိုက်ပွဲက ဘဲအင်း၊ဒယ်ဘုတ်နားထိရောက်နေပြီ။ လေယာဉ်တွေလည်း ဝဲနေတယ်”ဟုပြောသည်။

ဘဲအင်းနှင့် ဒယ်ဘုတ်ရွာသည် ဂွမြို့၏မြောက်ဘက် ဂွမြို့နယ်နှင့် သံတွဲမြို့နယ်အကြား ကားလမ်းပေါ်တွင် တည်ရှိပြီး စစ်ကောင်စီတပ်သည် တဖြည်းဖြည်းနောက်ဆုတ်ကာ ကြွေချိုင်ရွာနှင့် တိုင်ကြိုးအနီးရှိ ပုဂံတောင်ဘုရားတွင် တပ်စွဲကာ ဆက်လက်ခုခံနေသည်ဟု သိရသည်။

ဂွမြို့နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကို အနီးကပ်စောင့်ကြည့်နေသည့် ဒေသခံအမျိုးသားတစ်ဦးက “ဒီနေ့ မနက်သတင်းအရ အခုတိုက်ပွဲဖြစ်နေတာက ဘဲအင်းရွာ၊ ဒယ်ဘုတ်ရွာ နောက်ဘက်တောင်ကြောတွေမှာဖြစ်နေတယ်လို့ သိရပါတယ်။ ဂွဘက်ကို လာမယ်ဆိုရင် သပြုချောင်းဆိုတဲ့ရွာ တစ်ရွာရှိပါသေးတယ်။ ပီးမှ ကြွေချိုင်ရွာကို ရောက်ပါမယ်။ ကြေချိုင်ရွာက ကျိန္တလီမြို့ နယ်နမိတ်အပိုင်၊ ပီးရင် တိုင်ကြိုးကို ရောက်ပါမယ်။ တိုင်ကြိုးက ဂွမြို့နယ်အပိုင်ပါ။ အခု တိုက်ပွဲဖြစ်လာတဲ့အတွက် ကြွေချိုင်ထိ မီးဖြတ်လိုက်ပါပြီ။ စစ်တပ်က ကြေချိုင်ရွာထိပ်နဲ့ တိုင်ကျိုးရွာထိပ် ပုဂံတောင်မှာ အမြောက်တွေ တပ်ဆင်ထားပါတယ်။ ကြွေချိုင်အောက်ဘက် ပင်လယ်ထဲ ၁၃ မိုင် အကွာလောက်မှာ နေဗီရှိနေပြီး တင်းတောရွာမှာ နေဗီက အမြောက်တပ်ဆင်ထားပြီးတော့ အဲဒီကနေ တစ်ပြိုင်တည်းပစ်ခတ်နေတာပါ”ဟု ပြောသည်။

ရတနာမြိုင်ကျေးရွာမှ ဆုတ်ခွာလာသည့် စစ်ကောင်စီတပ်ကို AAက လိုက်လံတိုက်ခိုက်ရာက  ယခုရက်ပိုင်းအတွင်း မယ်ညိုဇင်းရွာ၊ ကုလားပြင်ရဲစခန်းအနောက်ဖက်ကုန်းရှိ ကြံခင်းချောင်၊ ရှေ့ဘက်ရှိ ရေတွင်းကုန်း၊ ဘဲအင်းတောင်ကြား၊ ဝက်တိုးနှင့် ကွေ့ကြီးတောင် အောက်ဘက်ချိုင် စသည့် နေရာများတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့ကြောင်း သိရသည်။


စစ်ကောင်စီတပ် တပ်ဆုတ်လာတာ သူတို့ အထိုင်ချထားတဲ့ ကြွေချိုင်ကို ရောက်လာ တော့မယ်။ ကြားမှာ သပြုချောင်းရွာ တစ်ရွာပဲရှိတော့တယ်။ ကြွေချိုင်ကနေ စစ်ကောင်စီ ဒီရက်ပိုင်း ထပ်ဆုတ်ရနိုင်တယ်။ အေအေထိုးစစ်က ကောင်းတယ်။ တဖြည်းဖြည်းနဲ့ စစ်ကောင်စီ တပ်ဆုတ်နေရတာတွေ့နေရပါတယ်။ တိုက်ပွဲကတော့ ပြင်းထန်တယ်။ ဒါပေမယ့် စစ်ကောင်စီတပ်သားတွေက စစ်တိုက်ဖို့ စိတ်ဓာတ်မရှိတော့ဘူး။ စိတ်ပျက်နေကြပြီ။  တချို့ လက်နက်ယူပြီး ထွက်ပြေးနေတာတွေတောင်ရှိတယ်” ဟုပြောသည်။

ဂွမြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း ဝင်ရောက်တိုက်ခိုက်နေကြရသည့် စစ်ကောင်စီတပ်သားများအထဲတွင် လတ်တလော သင်တန်းဆင်းလာသည့် တပ်သား သစ်များနှင့် ဧရာ၀တီတိုင်းဘက်မှ စစ်ကူလာသော တပ်ရင်းများပါဝင်ပြီး AA၏ ထိုးစစ်ကို ကောင်းစွာ ခုခံတိုက်ခိုက်မှု မလုပ်နိုင်သဖြင့် အကျအဆုံးများဖြင့် နောက်သို့ တဖြည်းဖြည်း ဆုတ်ခွာလာနေရကြောင်း ဒေသတွင်း သတင်းအရင်းမြစ်များက ပြောဆိုသည်။

AA သည် လက်ရှိ ကုလားပြင်(ရတနာမြိုင်)ရဲစခန်းကို အပြီးသတ်သိမ်းပိုက်ထားနိုင်ပြီး ဖြစ်သကဲ့သို့ စစ်ကောင်စီ၏ လက်ကျန်တပ်သားများကိုလည်း လိုက်လံရှင်းလင်းကာ စစ်တပ်ယာယီအထိုင်စခန်းများကို ဝင်ရောက်တိုက်ခိုက်ရာက တိုက်ပွဲတစ်ချို့ ဆက်လက် ဖြစ်ပွားနေခြင်း ဖြစ်ကြောင်းသိရသည်။

စစ်ကောင်စီက လေကြောင်းနှင့် ရေကြောင်းကပါ ပါဝင်တိုက်ခိုက်နေပြီး တိုက်ပွဲများမှာ အလွန်ပြင်းထန်နေကြောင်း သိရသည်။

ဆက်စပ် သတင်းများ