မင်းသျှင်စော၊ နိရဉ္စရာ၊အောက်တိုဘာ ၁၃/၂၀၂၄
ရခိုင်ပြည်၊ ဂွမြို့နယ်မှ ကူးတို့လေးကျေးရွာအနီးက တောင်တန်းတွင် AAနှင့် စစ်ကောင်စီတပ်တို့တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေစဉ် ၎င်းရွာကိုစစ်ကောင်စီလေတပ်က ဗုံးလာကြဲသည့်အတွက် အမျိုးသမီး တစ်ဦး အပါအဝင် ရွာသားသုံးဦး သေဆုံးသွားခဲ့သည်ဟုသတင်းရရှိသည်။
သေဆုံးသူများမှာ ကူးတို့လေးကျေးရွာသားတွေဖြစ်သော ဦးဝင်းဗိုလ် (၄၅)နှစ်၊ ဒေါ်ခင်မာကြည် (၆၂)နှစ်နှင့် ကိုပေါက်စီ(၃၃) နှစ်တို့ဖြစ်ကြသည်ဟု ဒေသခံ ကျေးရွာသားတစ်ဦးကနိရဉ္စရာသတင်းဌာနကို ပြောကြားသည်။
"မနေ့က ညနေ ၃နာရီကျော်လောက်မှာ ဂျက်လာတယ်။ ရွာကိုတည့်တည့်ချခဲ့တယ်။ နေရာမှာဘဲ ၃ ယောက် ပွဲချင်းပြီးသေဆုံးခဲ့တာပါ။ သေဆုံးသူတွေက ဆွေမျိုးတွေပါ။ နေအိမ်တွေလည်း အပျက်အစီး ရှိတယ်။ တိုက်ပွဲပြင်းတော့ အခု ရွာထဲကလူတွေ အကုန်ထွက်ပြေးနေကြ၇တယ်" ဟု ပြောသည်။
ဂွမြို့မှ မြောက်ဘက် မိုင် ၂၅ မိုင်ခန့် အကွာ ဂွ-သံတွဲကားလမ်းပေါ်ရှိ သပြုချောင်းနှင့် ပင်လယ် ကမ်းခြေဘက်တွင် တည်ရှိသည့် ကူးတို့လေးကျေးရွာ အကြားရှိ တောင်တန်းတွင် အောက်တိုဘာ၁၂ ရက် နံနက်ကတည်းကစပြီး စစ်ကောင်စီတပ်နှင့် AA တို့တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွား နေသည်ဟု ၎င်းက ပြောသည်။
“ စစ်ကောင်စီဖက်မှ အကျအရှုံးများလို့ တပ်နောက်ဆုတ်နေရတယ်လို့ ပြောတယ်။ ဒါကြောင့် ဂျက်ဖိုက်တာနှစ်စီးတောင်လာတာ။ တောင်တန်းတွေကိုရော ရွာကိုပါ ဗုံးလာကြဲတာ။ ဘာမှအပြစ်မရှိဘဲ ကိုယ့်ရွာထဲမှာ ကိုယ်နေလို့ သေကြ၇တာ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
လက်ရှိ တိုက်ပွဲများသည် ဂွမြို့ မြောက်ဘက် ၂၅ မိုင်ခန့်အကွာရှိ ကျေးရွာများတွင် အပြင်းအထန် ဖြစ်ပွားနေပြီးဂွမြို့သို့ ချီတက်တိုက်ခိုက်လာသည့် AAတပ်ဖွဲ့ဝင်များကို စစ်ကောင်စီ မြေပြင်တပ်များကသာမက လေကြောင်း၊ ရေကြောင်းကပါ အပြင်းအထန် ခုခံ တိုက်ခိုက်နေသော်လည်း တားဆီးနိုင်ခြင်း မရှိဘဲ တစ်ရွာပြီးတစ်ရွာနောက်ဆုတ်ပေးလာ၇သည်ဟု ဒေသခံများက ပြောသည်။
သို့အတွက် AAထိုးစစ်မှာ ဂွမြို့ဘက်သို့ တစ်ဖြည်းဖြည်း နီးကပ်လာနေသည်ဟုဒေသအတွင်း စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုသည်။