သောကြာ၊ အောက်တိုဘာလ ၁၈ရက်၊ ၂၀၂၄

ဂွမြို့ဘက်သို့ AA ကျော်လာနိုင်သည့် တောလမ်းများကို စစ်ကောင်စီ စစ်ကြောင်းထိုး (ဆပ်သွားတံတားကို ဖောက်ခွဲရန် စစ်ကောင်စီက မိုင်းဆင်ထားပြီဟု သတင်းထွက်ပေါ်)


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 3.6k

နိရဉ္စရာ၊ အောက်တိုဘာ ၁၃/၂၀၂၄

 

ဂွမြို့မြောက်ပိုင်း ကျိန္တလီမြို့ဘက်ကနေ ထိုးစစ်ဆင်လာသည့် အာရက္ခတပ်တော် ( AA) တပ်ဖွဲ့သည် ဂွမြို့ဘက်သို့ တစ်ဖြည်းဖြည်း ချဉ်းကပ်လာနေသဖြင့် ဂွမြို့ဘက်သို့ AA ကျော်လာနိုင်သည့်  တောလမ်းများတစ်လျှောက်ကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသည်ဟု သတင်းရရှိသည်။

 

စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသည့် နေရာများမှာ ဆပ်သွားအနီးရှိ ဆားချက်ကြီး၊ ဆင်ကူး၊ ကျောင်းတောင်ဘက်ကို ဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

 

၎င်းပြင် စစ်ကောင်စီတပ်သည် ဆပ်သွားတံတားအား မိုင်းခွဲရန် မိုင်းများ အဆင်သင့် တပ်ဆင်ထားပြီဟုလည်း ဒေသခံများက ပြောသည်။

 

ယခု AA ထိုးစစ်မှာ ကြွေချိုင်အနီးထိ ရောက်ရှိလာပြီး အဲအင်း၊ ဒယ်ပုတ်တို့ကို ကျော်လွန်လာပြီဟု သိရသည်။ ​ကြွေချိုင်နှင့် တိုင်ကျိုးကို ကျော်လွန်လာလျှင် စစ်ကောင်စီ အထိုင်တပ်စခန်းချထားသည့် ဆပ်သွားကို ရောက်လာနိုင်သဖြင့် ဆပ်သွားတံတားကို မိုင်းခွဲဖျက်ဆီးရန် စစ်ကောင်စီတပ်က စီစဉ်နေခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။



 

ယမန်နေ့က တိုက်ပွဲဖြစ်နေသည့်  ဂွမြို့နယ်မှ ကူးတို့လေးကျေးရွာအနီးက တောင်တန်းများမှ စစ်ကောင်စီတပ်များသည်  AA ထိုးစစ်ကို ရင်မဆိုင်နိုင်ဘဲ လေယာဉ်ပစ်ကူများကို အကာအကွယ် ယူကာနောက်ဆုတ်သွားပြီဟု ဒေသခံများက ပြောသည်။

 

လေယာဉ်များဖြင့် ပစ်ကူပေးစဉ် ကူးတို့လေရွာကို ဗုံးကြဲ၍ အသက် ၆၀ ကျော် အမျိုးသမီးတစ်ဦး အပါအဝင် ရွာသား ၃ ဦးသေဆုံးခဲ့ရသည်။

 

သေဆုံးသူများမှာ  ကူးတို့လေးကျေးရွာမှ ဦးဝင်းဗိုလ် (၄၅)နှစ်၊ ဒေါ်ခင်မာကြည် (၆၂)နှစ်နှင့် ကိုပေါက်စီ (၃၃) နှစ်တို့ဖြစ်ကြသည်။  


ဆပ်သွားကိုကျော်လျှင် ကမ်းသာယာ၊ ကမ်းသာယာပြီးလျှင် ဂွမြို့အထိ ရောက်လာနိုင်ဖြင့် စစ်ကောင်စီသည် ဧရာ၀တီတိုင်းမှ တပ်အင်အားများကို အကြီးအကျယ်ဖြည့်တင်းကာ ဂွမြို့ ကျမသွားစေရန် စစ်ရေးပြင်ဆင်နေသည်ဟု သိရသည်။ (သတင်းပေးပို့-CJ)

ဆက်စပ် သတင်းများ