လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ အောက်တိုဘာ၁၄/ ၂၀၂၄
ရခိုင်ပြည် တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်အတွင်း ဖြစ်ပွားနေသည့်တိုက်ပွဲမှာ တစ်ဖြည်းဖြည်းနှင့် ဂွမြို့ဘက်သို့ နီးကပ်လာနေပြီး လက်ရှိတွင် အာရက္ခတပ်တော်(AA)၏ ထိုးစစ်မှာ ဂွမြို့တောင်ဘက် ၂၅ မိုင် အကွာသို့ ရောက်ရှိလာပြီဖြစ်သည်။
အာရက္ခတပ်တော် ( AA) သည် သံတွဲမြို့မှလက်ကျန် မောင်ရွှေလေးရေတပ်အား ၂၀၂၄ ခုနှစ်၊စက်တင်ဘာလ (၅) ရက်နေ့၊ ညနေ (၆) နာရီအချိန်တွင်မှ အပြီးသတ်သိမ်းပိုက်ရယူခဲ့ပြီးနောက် ဂွမြို့နယ်သို့တစ်ဆင့်ချင်း ထိုးစစ်ဆင်တိုက်ခိုက်လာရာ သံတွဲမြို့နှင့် ဂွမြို့အကြားရှိ စစ်ရေးအရ အရေးပါသည့်ကျိန္တလီမြို့ကို စက်တင်ဘာ တတိယအပတ်တွင် သိမ်းပိုက် ရရှိခဲ့သည်။
ကျိန္တလီမြို့ကို ထိန်းချုပ်ပြီးနောက် AA က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ရာစစ်ကောင်စီသည် ကြည်း၊ ရေ၊ လေ ပူးပေါင်းပြီး ကျောက်ပါးစပ်၊ ဆားချက်၊ ကိုင်းခုံ၊ ဂန့်ဂေါ်တောင်၊ဘဝင်၊ ကုလားပြင် (ရတနာမြိုင်)၊ ဘဲအင်း၊ ဒယ်ဘုတ်၊ ကူးတို့လေး စသည့် ကျေးရွာများမှ တစ်ရွာပြီး တစ်ရွာနောက်ဆုတ်ကာ ခုခံတိုက်ခိုက်ခဲ့သော်လည်း AA ထိုးစစ်ကို မတားဆီးနိုင်ဘဲ လက်ရှိ ကြွေချိုင်၊ တိုင်ကြိုးနှင့် ဆပ်သွားအနီးထိ တပ်ဆုတ်လာခဲ့၇ပြီဖြစ်သည်။
များမကြာမီ AA ၏ ထိုးစစ်သည် ရခိုင်ပြည်တောင်ဘက် အစွန်ဆုံး ဂွမြို့သို့ရောက်ရှိလာနိုင်သဖြင့် ဂွမြို့သိမ်းတိုက်ပွဲနှင့် ပတ်သက်ပြီး ရခိုင်နိုင်ငံရေးလေ့သုံးသပ်သူဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းအား ဆက်သွယ်မေးမြန်းရာ သူက ယခုလို ပြောသည်။
“ ဂွမှာလည်း ဧရာ၀တီတိုင်းက တပ်တွေနဲ့ တော်တော်အင်အားဖြည့်ရတယ်လို့ ကြားတယ်။ဂွတိုက်ပွဲကလည်း တော်တော်ပြင်းထန်မယ့် သဘောရှိတယ်ပေါ့။ ဒါပေမယ့် အားနည်းချက် ကတော့ရှိတာပေါ့လေ။ အဓိကကတော့ လေကြောင်းနဲ့ ရေးကြောင်းကို အားကိုးပြီးတိုက်ပါလိမ့်မယ်။လေကြောင်းကနေလည်း လက်နက်တွေ၊ ရိက္ခာတွေ ဖြည့်တင်းဖို့ဆိုတာလုပ်ပါလိမ့်မယ်။ဂွတိုက်ပွဲက တော်တော့ကို ကြီးကြီးမားမားနဲ့ပြင်းပြင်းထန်ထန် ဖြစ်မယ့်တိုက်ပွဲလို့ကျွန်တော်ယူဆတယ်”ဟု ပြောသည်။
သို့သော်လည်း ဧရာ၀တီတိုင်းတွင် အာရက္ခတပ်တော် ( AA)၏ မဟာမိတ်တပ်ဖွဲ့များ ရှိနေပြီး ဂွ-ငသိုင်းချောင်းလမ်းကို ပိတ်ထားနိုင်လျှင် စစ်တပ် စစ်ကူမလာနိုင်၍ အေအေ၏ ထိုးစစ်ကိုစစ်ကောင်စီ ရေရှည် ခုခံကာကွယ်နိုင်မည်မဟုတ်ဘူးဆိုသည်။
“ ဘာပဲပြောပြော စစ်ကောင်စီက ဂွ-ငသိုင်းချောင်းလမ်းကနေ အဲဖက်ကိုဝင်တိုက်မယ် ဆိုရင်တော့အဲဖက်(ဧရာ၀တီဘက်)က မဟာမိတ်တပ်ဖွဲ့တွေနဲ့အဲလမ်းလည်း ပိတ်ထား နိုင်ပါတယ်။ကြည်းတပ်တွေကတော့ စစ်ကူဖို့မလွယ်ဘူးပေါ့”ဟု ပြောသည်။
ဂွမြို့ကျသွားလျှင် စစ်ပွဲမှာ ဧရာ၀တီတိုင်းဘက်သို့ စစ်ပွဲရောက်လာနိုင်သဖြင့်ဂွမြို့မကျအောင် စစ်ကောင်စီက အပြင်းအထန် ခုခံကာလိမ့်မည်ဟု ယူဆကြောင်း ၎င်းက ပြောသည်။
“ ဒါကြောင့်ကျွန်တော်ထင်ပါတယ်။ ဂွပြီးရင်တော့ ငွေဆောင်တို့၊ ချောင်းသာတို့၊ မော်တင်အထိ တိုက်ပွဲတွေလည်းရှိလာနိုင်တယ်ပေါ့။ ပထဝီအနေအထားအားဖြင့်လည်းရိုးတစ်ခုလုံးကို ကျော်ပြီးတော့ပင်လယ်ကမ်းစပ်ကို ပိုင်းဖြတ်ထားတယ်ဆိုတော့ မော်တင်အထိတော့ သိမ်းနိုင်တယ်ပေါ့” ဟု ပြောဆိုသည်။
ဒေသခံအများစုကလည်း လက်ရှိ ဂွမြို့နယ်အတွင်း ဖြစ်ပွားနေသောတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်က အရှုံးများနေသည်ကို ကြည့်ပြီး တပ်ရင်း (ခမ၇ ၅၆၂နှင့် ၅၆၃) နှစ်ရင်းသာရှိသည့် ဂွမြို့ကို များမကြာမီ AA သိမ်းပိုက်လိမ့်မည်ဟု ထင်ကြေးပေး ပြောဆိုနေကြသည်။
ဂွတိုက်ပွဲသည် ရခိုင်တောင်ဘက်အစွန်ဆုံး၏ နောက်ဆုံးမြို့သိမ်းတိုက်ပွဲဖြစ်သဖြင့် AAအတွက် စစ်ရေးအရ အလွန်အရေးပါသလို စစ်ကောင်စီအတွက်လည်း ဧရာ၀တီတိုင်းထိစစ်ရေးကျယ်ပြန့်လာနိုင်သဖြင့် ဂွမြို့မကျရေးအတွက် ပြင်းပြင်းထန်ထန် ခုခံမည့် မြို့ဖြစ်ကြောင်း ဦးဖေသန်းက သုံးသပ် ပြောဆိုသွားသည်။