ကြာသပတေး၊ အောက်တိုဘာလ ၁၇ရက်၊ ၂၀၂၄

မောင်တော နခခ(၅) တိုက်ပွဲဆက်လက်ပြင်းထန် (စစ်ကောင်စီမှ ဂျက်တိုက်‌လေယာဉ် ၄ စင်းထိ အသုံးပြုတိုက်ခိုက်)


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 3.6k

နောင်မင်းသူ၊ နိရဉ္စရာ၊‌အောက်တိုဘာ ‌၁၄ / ၂၀၂၄

ရခိုင်ပြည် အနောက်ဘက် အစွန်ဆုံး မောင်တောမြို့၊ နခခ(၅) တိုက်ပွဲမှာ အလွန်ပြင်းထန်နေပြီး  စစ်ကောင်စီက Y-12 ဗုံးကြဲလေယာဉ်တစ်စင်းနှင့် ဂျက်တိုက်လေယာဉ် ၄ စင်းအထိအသုံးပြု တိုက်ခိုက်နေသည်ဟု ဒေသခံများက ပြောသည်။ 

နခခ (၅) နယ်ခြားစောင့်ဌာနချုပ်အား အာရက္ခတပ်တော် (AA) ယခုရက်ပိုင်းအတွင်း ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲမှာ အပြင်းအထန်ဆုံး အဆင့်သို့ ရောက်ရှိနေသည်ဟု ဒေသခံများက ပြောကြားသည်။

ဒေသခံတစ်ဦးက " တစ်ကြိမ်ဆို ဂျက်နှစ်စင်းစီလာတယ်။ တိုက်ပွဲကတော်တော်လေပြင်းထန်နေတယ်။ နေ့ရော ညပါထိုးစစ်ဆင်တိုက်ခိုက်နေကြတယ်။ လက်နက်ကြီးတွေနဲ့ တစ်ညလုံးပစ်တယ်။ ဒီနေ့ မနက်လည်း ဆက်ပြီးအပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်‌နေတယ်"ဟု ပြောကြားသည်။

ထိုသို့ တိုက်ပွဲပြင်းထန်နေသဖြင့် ယနေ့  အောက်တိုဘာ ၁၄ ရက် နံနက်၆ နာရီ ခွဲ မှ မနက် ၈ နာရီခွဲအထိ စစ်ကောင်စီလေတပ်မှ Y-12 ဖြင့် ဗုံးအလုံး၃၀ ကျော်ကြဲချခဲ့သည်ဟု ဆိုသည်။

၎င်းပြင် ဂျက်တိုက်လေယာဥ်၂ စင်းကလည်း နံနက် ၇ နာရီ ၄၅ မိနစ်တွင်တစ်ကြိမ်၊ နံနက် ၉ နာခွဲ၌ နောက်ထပ် ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် တစ်ကြိမ် ဗုံးကြဲချခဲ့သည်ဟု မျက်မြင်ဒေသခံများက ပြောသည်။

နောက်ထပ် ဒေသခံတစ်ဦးက  "နခခ(၅)ပတ်ဝန်းကျင်၊ သုံးမိုင် နဲ့ လေးမိုင် ဝန်းကျင်ကို ဒီနေ့ မနက် ၆ နာရီခွဲမှာ Y-12 နဲ့ ဗုံးအတွဲလိုက် တွေကြဲချ‌ခဲ့တယ်။ တစ်တွဲမှာ ၅ လုံးစီချတာ။ အားလုံး ၆ ကြိမ် ကြဲချတယ်။အလုံး ၃၀ ကြဲချခဲ့တယ်။ Y-12နဲ့ ဗုံးကြဲပြီးတာနဲ့ ဂျက် ၂ စင်းနဲ့ ဗုံးလာကြဲတယ်။ နောက်ထက် ဂျက် ၂ စင်း ထပ်လာပြီးဗုံးချတယ်။ ဂျက် ၄ စင်းအထိဗုံးလာကြဲတယ်"ဟုပြောဆိုသည်။

အောက်တိုဘာ ၁၃ ရက် နေ့လယ် ၁နာရီ ၃၀ ကျော် ၌လည်း ဂျက်တိုက်လေယာဉ်တစ်စီး ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သလို Y-12ဗုံးလေယာဉ်ဖြင့် နခခ(၅)အား လက်နက်နှင့် ရိက္ခာများအား လေထီးများဖြင့် ချပေးခဲ့သည်ဟု သိရသည်။

လက်ရှိ နခခ (၅) တိုက်ပွဲပြင်းထန်နေသဖြင့် အရပ်သားများအား တစ်ရွာနှင့် တစ်ရွာသွားလာခြင်းကို AA မှ ပိတ်ထားကြောင်း သိရသည်။

မောင်တောခရိုင်၌ တစ်ခုတည်းကျန်ရှိနေသည့် နခခ(၅)တပ်ရင်းအား AA လက်ထဲမကျစေရန်  စစ်ကောင်စီက လေကြောင်းကနေ အပြင်းအထန် ခုခံနေ၍ စခန်းသိမ်းရန်မှာ ကြန့်ကြာနေခြင်းဖြစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ