ကြာသပတေး၊ အောက်တိုဘာလ ၁၇ရက်၊ ၂၀၂၄

အမ်းမြို့ ရိုးလမ်းပေါ်တွင် စစ်ဘေးရှောင်ကားများတားဆီးဖမ်းခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 498

(၆မိုင်နဲ့ကျီးကန်းတောင်ကြားတွင်စစ်ဘေးရှောင်ကား ၁၀ စီးပိတ်မိနေ)

မင်းသျှင်စော နိရဉ္စရာ ၊အောက်တိုဘာ ၁၆ ၊၂၀၂၄
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိရာ အမ်းမြို့ ပတ်ပတ်လည်တွင် တိုက်ပွဲများ ပြင်းထန်လာသဖြင့် အမ်းမြို့ကနေ မင်းဘူး၊ ပဒါန်းဘက်သို့ စစ်ဘေးရှောင်ရန် ထွက်ခွာသောကား ၅ စီးကို စစ်ကောင်စီ တပ်က အထောက်အထားများမပါဟုဆိုကာ တားဆီးဖမ်းဆီးလိုက်သည်ဟု သတင်းရရှိသည်။
၎င်းကားများကို ကျီးကန်းတောင်ပတ် ရိုးကျော်လမ်းတွင် ဖမ်းဆီးထားပြီး နောက်က တက်လာသည့် စစ်ဘေးရှောင်ကား ၁၀ စီးခန့်မှာ ၆ မိုင်နှင့် ပဲပဒုံစစ်ဆေးရေးဂိတ်အကြားတွင် ပိတ်မိနေသည်ဟု ဒေသခံသတင်းအရင်းမြစ် တစ်ဦးမှ နိရဉ္စရာကို ပြောကြားသည်။
" ဒီမနက် ကားကမနက် ၆ နာရီကတည်းက ထွက်သွားတာပါ။ မနေ့ညကတော့ အမ်းမြို့မှ စစ်ဘေးရှောင်ဖို့ ဘယ်ထောက်ခံစာမှ မလိုဘဲ ၅ ရက်ခွင့်ပြုတယ်လို့ သတင်း ထွက်ပေါ်ခဲ့တယ်။ အဲဒါကြောင့် မြို့ကလူတွေက ထောက်ခံစာမပါဘဲ ကားတွေနဲ့ သွားကြတာ။ ပထမသွားတဲ့ ကား ၅ စီးကို  ကျီးကန်းတောင်ပတ် ရိုးကျော်လမ်းထက်မှ အထောက်အထားမပါဘူးဆိုပြီး ဖမ်းထားတယ်လို့ သိရပါတယ်” ဟု ပြောဆိုသည်။
နောက်ကား ၁၀စီးခန့်မှာ  ပဲပဒုံနဲ့ ၆ မိုင်ဂိတ် အကြား ရပ်ထားရသည်ဟု ဟု သူက ဆိုသည်။
“ ထောက်ခံစာမလိုလို့ ပြောတဲ့ အတွက် သွားကြတာမှာ ဒီမနက်ကျတော့ ကားတွေကို ဖမ်းထားတယ်။ သတင်းမှားတွေထုတ်ပြီး တမင်ရည်ရွယ်ပြီး လုပ်တဲ့ ပုံစံပါဘဲ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
ယနေ့ နံနက်ထွက်ခွာသွားသော စစ်ဘေးရှောင် ကား ၅ စီးကိုဖမ်းထားသည်ဟုသာ သတင်းရပြီး မည်သို့ မည်ပုံဖြစ်နေသည်ကို မိသားစုများအပါအဝင် ဒေသခံများနှင့် အဆက်အသွယ် မရရှိသေး၍ အသေးစိတ် မသိရသေးဟု ပြောဆိုသည်။
စစ်ဘေးရှောင် ကားတန်းရပ်နားထားရသည့် ပဲပဒုံနှင့် ၆ မိုင် အကြားနေရသည်  စစ်ကောင်စီတပ်နှင့်  AA တို့ အကြား စစ်ရေး တင်းမာမှုရှိနေသော နေရာဖြစ်၍ တိုက်ပွဲဖြစ်မည်ကို ဒေသခံများ စိုးရိမ် နေကြသည်ဟု သိရသည်။
လက်ရှိအမ်းမြို့ပေါ် ပတ်လည်တွင် AA က စစ်ကောင်စီတပ်များအား ထိုးစစ်ဆင် တိုက်ခိုက်နေသဖြင့် တိုက်ပွဲများပြင်းထန်နေပြီး ခမရ (၃၇၃) တပ်ရင်းကို AA က သိမ်းပိုက်လိုက်ပြီဟု သတင်းများ ထွက်ပေါ်နေသည်။


ပုံစာ- ဂွမြို့နယ်က ရိုးလမ်းပေါ်ဖြတ်ကျော်ပြီး သွားနေကြသည့် စစ်ဘေးရှောင်များ

ဆက်စပ် သတင်းများ