ကြာသပတေး၊ အောက်တိုဘာလ ၁၇ရက်၊ ၂၀၂၄

မောင်တောမြောက်ပိုင်း အောင်မင်္ဂလာကျေးရွာအား စစ်ကောင်စီလေတပ်က ဗုံးကြဲ၍ ဘုန်းတော်ကြီးကျောင်း သိမ်အပါအဝင် နေအိမ်နှစ်လုံးမီးလောင်ပျက်စီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 642

နောင်မင်းသူ၊ နိရဉ္စရာ၊‌အောက်တိုဘာ ‌၁၆ / ၂၀၂၄

ရခိုင်ပြည်၊မောင်တောမြောက်ပိုင်း၊ အောင်မင်္ဂလာကျေးရွာအား ယနေ့ အောက်တိုဘာ ၁၆ ရက် နေ့လယ်က စစ်ကောင်စီလေတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး တစ်လုံးအပါအဝင် အတွဲလိုက်ဗုံးများ ကြဲချခဲ့သဖြင့် ဘုန်းတော်ကြီးကျောင်း သိမ်အပါအဝင် နေအိမ်နှစ်လုံး မီးလောင်သွားခဲရကြောင်း ဒေသခံရွာသားများက ပြောသည်။

"ဒီနေ့ နေလယ်ပိုင်းမှာ အောင်မင်္ဂလာရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာ နဲ့ ပေါင် (၅၀၀) ဗုံး ၁ လုံးချတယ်။ အတွဲလိုက်ဗုံး တွေလည်းကြဲချတယ်။ ဘုန်းကြီး ကျောင်းသိမ်ပြိုသွားတယ်။ လူနေအိမ်၂ဆောင်ပြိုသွားတယ်"ဟု ဒေသခံတစ်ဦးကပြော သည်။

ပျက်စီးသွားရသည့် အထဲတွင် အောင်မင်္ဂလာ ဘုန်းတော်ကြီးကျောင်း သိမ်တော်နှင့် ကျေးရွာအတွင်းမှ ဦးသန်းထွန်းနေအိမ်နှင့် ဦးနိုင်နိုင်ထူး နေအိမ်များလည်း မီးလောင်  ပျက်စီးသွားခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ထိုသို့ မောင်တောမြို့ပေါ်မှ စစ်ဘေးရှောင်ထွက်ပြေးလာကြပြီး ခိုလှုံနေထိုင်သည့်ကျေးရွာတစ်ခုအား  စစ်ကောင်စီလေတပ်က ယခုကဲ့သို့ ဗုံးကြဲမူများ ပြုလုပ်လာခြင်းကြောင့် အလွန်အန္တရာယ်ရှိလာသည်ဟု ပြောဆိုထားကြသည်။

"အပြစ်မဲ့ပြည်သူတွေနေထိုင်တဲ့ နေရာဒေသတွေကိုစစ် ကောင်စီက ဗုံးချတာက အလွန်မှ တရားလွန်တဲ့အဆင့်ကို ရောက်သွားပြီ"ဟု ပြောဆိုသည်။

လက်ရှိ၌ အောင်မင်္ဂလာ ကျေးရွာ၌ ရွာခံအိမ်ခြေ ၁၂၀ ကျော် လူဦးရေ ၆၀၀ ကျော် နေခိုင်ပြီး လက်ရှိ၌ မောင်တောမြို့တွင်းရှိစစ်ဘေး ရှောင် အိမ်ထောင်စု ၁၆၀ လူဦးရေ ၁၀၀၀ ခန့် နေထိုင်လျှက်ရှိနေ ကြောင်းသိရသည်။

ပုံစာ- အောင်မင်္ဂလာကျေးရွာမှ မီးလောင်သွားသည့်နေအိမ်များ (ဓာတ်ပုံ-ပေးပို့/ စိစစ်ဆေး)

ဆက်စပ် သတင်းများ