မင်းသျှင်စော နိရဉ္စရာ ၊အောက်တိုဘာ ၁၇ ၊၂၀၂၄
ရခိုင်ပြည်၊ ဂွမြို့နယ် မြောက်ဘက် ကြွေချိုင်ကျေးရွာတွင်သာမက ကြွေချိုင်ရွာအလွန် ချောင်းသာတွင် စခန်းချထားသည့် စစ်ကောင်စီလက်နက်ကြီး အထိုင်တပ်ကို အာရက္ခတပ်တော် (AA) ကဝင်တိုက်၍ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည်ဟု သတင်းရရှိသည်။
နှစ်ဖက်တိုက်ပွဲမှာ ပြင်းထန်နေပြီး ကျေးရွာသားများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရသည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကို ပြောသည်။
"ဒီနေ့မနက် ၅နာရီကတည်းက ချောင်းသာမှာ တိုက်ပွဲဖြစ်နေပါတယ်။ နှစ်ဖက် တိုက်ပွဲက ပြင်းထန်နေတယ်။ ကျေးရွာသားတွေကတော့ စဖြစ်ကတည်းက လေယာဉ်လာမှာကို ကြောက်လို့ ထွက်ပြေးကုန်ကြပြီ။ အခုကကြွေချိုင်ဖက်ကိုပြေးလည်းမရဘူး။ အဲ့ဒီမှာလည်း တိုက်ပွဲက ပြင်းနေတယ်။ လေယဉ်နဲ့လည်းဗုံးကြဲတယ်။ အဓိကနီးစပ်ရာ ဘေးလွှတ်ရာကို ရှောင်နေ၇တယ်" ဟု ပြောသည်။
စစ်ကောင်စီတပ်သည် ကြွေချိုင်တောင်ဘက် ချောင်းသာကျေးရွာ အနီးတွင် လက်နက်ကြီးတပ်ဆင်ပြီး ၎င်းနေရာမှ ကြွေချိုင်ရွာတိုက်ပွဲသို့ လက်နက်ကြီးပစ်ကူပေးနေကြောင်း၊ ၎င်း စစ်ကောင်စီလက်နက်ကြီး အထိုင်စခန်းကို ယနေ့တွင်AA မှ ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ၎င်း ဆိုသည်။
စစ်ကောင်စီ၏ ကြွေချိုင်စခန်းကိုAA မှ အောက်တိုဘာ၁၆ ရက်နေ့တွင် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ယနေ့အောက်တိုဘာ၁၇ ရက်နေ့မနက်ပိုင်းတွင် ချောင်းသာကျေးလက်နက်ကြီး အထိုင်စခန်းကို ထပ်မံ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။
တိုက်ပွဲပြင်းထန်ကာ စစ်ကောင်စီဘက် သင်တန်းဆင်း စစ်မှုထမ်းအများအပြားမှာ အကျအရှုံးများနေပြီး တချို့လည်း ထွက်ပြေးကြသဖြင့် စစ်ကောင်စီလေတပ်က ဂျက်ဖိုက်တာဖြင့် တိုက်ပွဲဖြစ်ပွားရာ အနီးအနားကို ဗုံးကြဲကာ ပစ်ကူပေးနေသည်ဟု နောက်ထပ် ဒေသခံတစ်ဦးကလည်း ပြောဆိုသည်။
အာရက္ခတပ်တော်သည် သံတွဲကို အပြီးသတ် သိမ်းပိုက်ပြီးနောက် ဂွမြို့နယ်ကို စတင်ထိုးစစ်ဆင် တိုက်ခိုက်နေရာ အခုအခါ စစ်ကောင်စီ အထိုင်ချထားသည့် စခန်းများကို တစ်ခုပြီးတစ်ခု သိမ်းပိုက်ကာ ဂွမြို့ဘက်သို့ ဆက်လက်ချီတက်လာနေသည်ဟု သိ၇သည်။