နိရဉ္စရာ၊ အောက်တိုဘာ ၁၇/ ၂၀၂၄
၇ခိုင်ပြည်နယ် တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်တွင် တိုက်ပွဲများဆက်လက်ပြင်းထန်စွာဖြစ်ပွားနေပြီး ယနေ့ ညနေတွင် စစ်ကောင်စီလေတပ်က တိုင်ကျိုး၊ ကြွေချိုင်နှင့်ချောင်းသာ ၃ ရွာအကြားကို လေယာဉ်ဖြင့် ဗုံးကြဲခဲ့သည်ဟု သိ၇သည်။
“ ညနေ ရ နာရီလောက်မှာ အဲဒီရွာ ၃ ရွာအကြားကို လေယာဉ်နဲ့ နှစ်ကြိမ်ဗုံးလာကြဲသွားပါတယ်။ တိုင်ကျိုး၊ ကြွေချိုင်နဲ့ ချောင်းသာ ရွာအကြား တောင်တန်းတွေ၊ တောတန်းတွေနေရာတွေကိုပါဘဲ။ ရွာသားတွေကတော့ မရှိတော့ဘူး။ အကုန်ထွက်ပြေးကုန်ပြီ”ဟုဒေသခံ တစ်ဦးက ပြောသည်။
ယနေ့ အောက်တိုဘာ ၁၇ ရက်နေ့ နံနက်က စပြီး ကြွေချိုင်နှင့်ချောင်းသာရွာတို့တွင် တိုက်ပွဲဖြစ်ပွားနေပြီး ကြွေချိုင်ရွာသစ်ကိုလည်း စစ်ကောင်စီကဗုံးလာကြဲခဲ့သည်ဟု သိ၇သည်။
“ ကြွေချိုင်ရွာသစ်ကို ကြဲပါတယ်။ ကြွေချိုက်နဲ့တိုင်ကျိုးရွာ အကြား နောက်ကြောဘက်မှာ ချောင်းသာဆိုတဲ့ ချင်းအမျိုးသား ကျေးရွာတစ်ရွာရှိပါတယ်။အဲဒီရွာအကြားနေရာတွေကို ကြဲနေတာပါ။ အေအေရှိတယ်ထင်ပြီး ကြဲပုံ၇ပါတယ်။ လေယာဉ်နဲ့ ပစ်ခတ်တာတွေမနက်ကတည်းက လုပ်နေပါတယ် ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ရခိုင်ပြည်၊ဂွမြို့နယ် မြောက်ဘက် ကြွေချိုင်ကျေးရွာမှာသာမက ကြွေချိုင်ရွာအလွန် ချောင်းသာမှာ စခန်းချထားသည့် စစ်ကောင်စီလက်နက်ကြီးအထိုင်တပ်ကို အာရက္ခတပ်တော် (AA) က ဝင်တိုက်ခိုက်သည့် အတွက်တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး စစ်ကောင်စီက လေယာဉ်များ၊ ရေတပ်နေဗီများကပါ စစ်ကူတိုက်ခိုက်နေသည်ဟုနောက်ထပ် ဒေသခံ တစ်ဦးကလည်း ပြောကြားသည်။
" ဒီနေ့မနက်၅ နာရီကတည်းက ချောင်းသာချင်းကျေးရွာမှာတိုက်ပွဲဖြစ်နေပါတယ်။နှစ်ဖက်တိုက်ပွဲက ပြင်းထန်နေတယ်။ ကျေးရွာသားတွေကတော့ စဖြစ်ကတည်းက လေယာဉ်လာမှာကိုကြောက်လို့ထွက်ပြေးကုန်ကြပြီ။ လေယာဉ်နဲ့လည်းဗုံးကြဲတယ်။ အဓိကနီးစပ်ရာ ဘေးလွတ်ရာကိုရှောင်နေ၇တယ်။"
လက်ရှိ ရခိုင်ပြည် နေရာ ၃ ခုတွင် တိုက်ပွဲပြင်းထန်နေပြီးမောင်တောတွင် တစ်ခုတည်းသော ကျန်ရှိနေသည့် နခခ (၅) ကို အပြီးသတ် သိမ်းပိုက်နိုင်ရေးအတွက်AAက ထိုးစစ်ဆင် တိုက်ခိုက်နေသလို အမ်းအခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုလည်းထိုးစစ်ဆင် တိုက်ခိုက်နေရာ ခမ၇ ၃၇၃ အပါအဝင် စစ်ရေးအရ အရေးပါသော နေရာများကို သိမ်းပိုက်ထားပြီဟုသိ၇သည်။
AA ထိုးစစ်နီးကပ်လာချိန် အမ်း နပခဌာချုပ်တွင် ယတြာချေကာ အမ်းရှင်မကို နတ်ကနား ပေးပြီး ပူဇော်ပသဟု သတင်းထွက်များလည်း ထွက်ပေါ်နေသည်။
အာရက္ခတပ်တော် (AA) ထိုးစစ် အမ်းမြိုရှိ အနောက်တိုင်းစစ်ဒေသ (နပခ) ဌာနချုပ်သို့ နီးကပ် လာချိန်တွင် ယခုလ ၁၅ ရက် နံနက် ၉ နာရီ အချိန်က အနောက်ပိုင်းတိုင်းမှူးဗိုလ်မှူးချုပ် သောင်းထွန်း ဦးစီးပြီး သံဃာ ၉ပါးကို ပင့်ဖိတ်ပြီး ယတြာချေကာ အမ်းမြို့ရှင်မကိုလည်း နတ်ကနား ပေးကာ ပူဇော်ပသခဲ့သည်ဟု ဒေသခံ သတင်းရင်းမြစ်များက ပြောဆိုသည်။ (သတင်း ပေးပို့- CJ and ဓာတ်ပုံ- အင်တာနက်)