သောကြာ၊ အောက်တိုဘာလ ၁၈ရက်၊ ၂၀၂၄

ကြွေချိုင်နှင့် ချောင်းသာတိုက်ပွဲတွင် စစ်ကောင်စီ အကျအဆုံးများပြီးနောက် တိုင်ကျိုး ပုဂံတောင်၌ တပ်စွဲထားသည့် လက်နက်ကြီးတပ်နောက်ဆုတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 340

 မင်းသျှင်စော နိရဉ္စရာ ၊အောက်တိုဘာ ၁၈/ ၂၀၂၄

ဧရာ၀တီတိုင်းနှင့် ကပ်ရပ်တည်ရှိသည့် ရခိုင်ပြည်၊ ဂွမြို့နယ်၊  ကြွေချိုင်နှင့် ချောင်းသာအနီးတွင် အာရက္ခတပ်တော် (AA)နှင့် ဖြစ်ပွားနေသော တိုက်ပွဲမှာ ပြင်းထန်နေပြီး တိုက်ပွဲအတွင်း အထိနာနေသဖြင့် တောင်ကျိုးကျေးရွာ ပုဂံတောင်ဘုရားတွင် တပ်စွဲထားသည့် လက်နက်ကြီးတပ်သည် နောက်ဆုတ်သွားပြီး လက်နက်ကြီး(ဟောင်ဝင်ဇာ)ကို ဂွမြို့ဘက်သို့ ရွှေ့​ပြောင်းသွားသည်ဟု သတင်းရရှိသည်။

ဒေသခံတစ်ဦးက" အခု တိုင်းကျိုးက ပုဂံတောင်မှာ လက်နက်ကြီးတပ် မရှိတော့ဘူး။ နောက်ဆုတ် သွားပြီ။ မနေ့က ညနေ နေဝင်စမှာ ဆုတ်တာ။ စစ်ကောင်စီအင်အား ၂၀ ခန့်နင့် ဂွမြို့ဘက်ကို ရွှေ့တယ်လို့ကြားပါတယ်” ဟု ပြောသည်။

လက်နက်ကြီးတပ် မပြောင်းခင် တိုင်ကျိုးရွာကို AA က ဝင်တိုက်မည်ဟု သတင်းထွက်ပေါ်နေသဖြင့် လေယာဉ်ဖြင့် အနီးအနားဝန်းကျင်များကို ဗုံးကြဲတိုက်ခိုက်ကာ လက်နက်ကြီးတပ် နောက်ဆုတ် သွားခြင်း ဖြစ်သည်ဟု ဆိုသည်။

တစ်ခြား သတင်းရင်းမြစ်တစ်ဦးကလည်း ဒဏ်ရာဖြင့် နောက်ဆုတ်လာသည့် စစ်ကောင်စီ တပ်သားများအထဲက သေဆုံးသွားသည့် တပ်သား နှစ်ဦးကို တိုင်ကျိုးရွာတွင် မြှုပ်နှံခဲ့သည်ဟု ဆိုသည်။

“ တိုင်ကျိုးမှာ ဦးမော်စီဥယာဉ်ခြံမှာ စစ်သားနှစ်ဦးကို မြေမြှပ်ပါတယ်။ တိုက်ပွဲက တိုင်ကျိုးကို ကပ်လာပြီး။ လက်နက်ကြီးတွေက တိုင်ကျိုးရွာနဲ့  အနီးအနားနဲ့ ရွာတွေကိုပါကျတယ်။ လေယာဉ်နဲ့ ဗုံးကြဲတာတွေလည်း ဆက်တိုက်ရှိပါတယ်။  ညနေအချိန်ရောက်တော့  လက်နက်ကြီးကို ရွှေ့သွားကြတယ်"ဟု သူကဆိုသည်။

ကြွေချိုင်၊ ချောင်းသာနှင့် တိုင်ကျိုးကျေးရွာများနှင့်  အနီးဝန်းကျင်ကို  စစ်ကောင်စီလေတပ်မှ အောက်တိုဘာ ၁၇ နေ့လယ်တွင် ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်မူကြောင့် နေအိမ်များ ပြိုပျက်ကာ အချို့အိမ်များလည်း မီးလောင်ခဲ့ရသည်ဟု ၎င်းက ပြောကြားသည်။

စစ်ကောင်စီ၏ အထိုင်စခန်းဖြစ်သော ကြွေချိုင်စခန်းနှင့် ချောင်းသာစခန်းကို AA မှ ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်ကောင်စီမှ လေကြောင်းမှ ဗုံးကြဲ ခုခံနေသော်လည်း အကျအရှုံးများနေသဖြင့်  တိုင်ကျိုးက လက်နက်ကြီး(ဟောင်ဝင်ဇာ)ကို  အခြေနေမဟန်၍ ရွှေ့ပြောင်းလိုက်ရသည်ဟု ဆိုသည်။

စစ်ကောင်စီသည် မကြာမီ ကြွေချိုင်နှင့် ချောင်းသာ စခန်းကို လက်လွှတ်ရတော့မည်ဖြစ်ပြီး ၎င်းအနီးဝန်းကျင်က တိုက်နယ်ကျေးရွာကြီး တစ်ရွာဖြစ်သည့် ဆပ်သွားတွင်လည်း တိုက်ပွဲများ ဖြစ်လာနိုင်သဖြင့် ဒေသခံများသည်နေအိမ်များကို စွန့်ခွာထွက်ပြေးနေကြသည်ဟု သိရှိရသည်။

ဆက်စပ် သတင်းများ