စနေ၊ အောက်တိုဘာလ ၁၉ရက်၊ ၂၀၂၄

ရခိုင်ရိုးမပေါ်မှ သစ်များကို ဆပ်သွားချောင်းအတိုင်း ခိုးထုတ်မှု တိုက်ပွဲများကြောင့် ရပ်ဆိုင်းသွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 586

(သစ်ခိုးထုတ်မှု ရိုးအရှေ့ခြမ်း ဥသျှစ်ပင်မြို့နှင့် ဖက်ရဲရွာဘက်ကို ပြောင်းရွှေ့သွား)

နိရဉ္စရာ၊ အောက်တိုဘာ ၁၉/ ၂၀၂၄

တိုက်ပွဲများကြောင့် ရခိုင်ရိုးမပေါ်မှ သစ်များကို ဂွမြို့နယ်၊ ဆပ်သွားချောင်းအတိုင်း ခိုးထုတ်၍ မရတော့ရာမှ သစ်ထုတ်လုပ်ငန်းမှာ ရပ်ဆိုင်းသွားပြီဖြစ်ကြောင်း ဒေသခံများကပြောသည်။

ဆပ်သွားချောင်းကနေ သစ်ခိုးထုတ်၍ မရသောကြောင့် သစ်ခိုးထုတ်မှုကို ရိုးမအရှေ့ခြမ်း ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့နှင့် ဖက်ရဲရွာတို့ကနေ ဆက်လက်ထုတ်လုပ်ရန် ပြောင်းရွှေ့ သွားခဲ့ကြသည်ဟု အမည်မဖော်လိုသူ ဂွဒေသခံ တစ်ဦးက ပြောသည်။

“ ရိုးပေါ်မှာ ကားလမ်းတွေရှိတယ်။ အဲဒီကားလမ်းကနေ ရခိုင်ရိုးမက သစ်တွေကို ခုတ်လှဲပြီး ဆပ်သွားချောင်းအတိုင်းထုတ်နေတာ။ စစ်တပ်ကအရာရှိကြီးတွေနဲ့ ခရိုနီတွေ လုပ်တာပေါ့။ အခု တိုက်ပွဲတွေ ဖြစ်နေတော့ ဆပ်သွားချောင်းကနေ သစ်ထုတ်တာရပ်တန့်သွားတယ်” ဟု ၎င်းက ပြောသည်။

တိုက်ပွဲများကြောင့် သစ်ထုတ်လုပ်မှုရပ်တန့်သွားပြီးနောက် ရခိုင်ရိုးမအရှေ့ဘက်က သစ်များဆက်လက် ခိုးထုတ်ရန် သစ်ထုတ်လုပ်သည့် လုပ်သားများ ဥသျှစ်ပင်မြို့ နှင် ကြံခင်းမြို့မှ အနောက်ဘက် (၈) မိုင်အကွာ ဖက်ရဲရွာဘက်သို့ ရွှေ့သွားကြသည်ဟု ပြောဆိုသည်။


“ သစ်သမားတွေပြောတာက ရိုးမတစ်လျှောက် သစ်ခိုးထုတ်တဲ့ကားလမ်းတွေက ရိုးမ အရှေ့နဲ့ အနောက် တိုးလျှိူပေါက်သွားလာလို့ ရတယ်လို့ ပြောပါတယ်။ အခုသူတို့ပြောတာက ဥသျှစ်ပင်မှာ အထိုင်ချပြီး ထုတ်မယ်လို့ ပြောပါတယ်။ လွှဆိုင်းတွေ၊ ချိန်းဆောသစ်ဖြတ်စက်တွေ၊ သစ်ခွဲ စက်ကရိယာတွေကို ဥသျှစ်ပင်မြို့နယ်ဘက်ကို ရွှေ့သွားပြီလို့ သိရပါတယ်” ဟု သစ်သမားများ ရင်းနှီးသူ ဒေသခံ တစ်ဦးက ပြောသည်။

ရခိုင်ရိုးမမှ ခိုးထုတ်သည့် သစ်များကို တောင်ထဲတွင် ဖောက်လုပ်ထားသည့် ကားလမ်းများအတိုင်း သစ်တင်လော်ရီကားများဖြင့် သယ်ထုတ်ပြီး ဆပ်သွားချောင်းမှ တစ်ဆင့် ဘင်္ဂလားဒေ့ရှ် တက်ကနက်ဆိပ်ကမ်းနှင့် ရန်ကုန်အပါအဝင် တစ်ခြားနေရာများသို့ ခိုးထုတ်ကြသည်ဟု ဆိုသည်။

ယင်းသစ်ခိုးထုတ်မှုကို ယခင်အစိုးရလက်ထက်များကတည်းစပြီး လက်ရှိစစ်ကောင်စီ လက်ထက်ထိ အကြီးအကျယ် လုပ်ကိုင်နေကြခြင်းဖြစ်ပြီး ထိုသို့ အတားအဆီး မရှိ ခိုးထုတ်မှုကြောင့် ရခိုင်ရိုးမ တစ်ခုလုံးမှာ သစ်တောများအကြီးအကျယ် ပြုန်းတီးသွားခဲ့ပြီဟု သိရသည်။

ထိုသို့ သစ်များကို စစ်တပ်အာဏာပိုင်များနှင့် ဒေသအတွင်းက ခရိုနီများ ခိုးထုတ်မှုကြောင့် ရခိုင်ရိုးမပေါ်တွင် သစ်တောများ အကြီးအကျယ်ပြုန်းတီးသွားရာမှ နှစ်စဉ် မိုးရာသီရောက်တိုင်း သံတွဲမြို့နယ်၊ တောင်ကုတ်မြို့နယ်နှင့် ဂွမြို့နယ်တို့တွင် ရေကြီး ရေလျှံမှုဒဏ်ကို ပြည်သူများ ခံစားနေကြရသည်ဟု  အသက် ၆၀ အရွယ် သံတွဲဒေသခံ တစ်ဦးက ပြောသည်။ (သတင်းပေးပို့-  CJ နှင့် ဓာတ်ပုံ- ရခိုင်ဗဟိုပြု အတွေးအမြင်နန့် သိမှတ်စရာပို့စ်)

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!