Preview

စစ်ကောင်စီက အမ်းမြို့အနီးရှိ ကျေးရွာ ၅ ရွာကို ဗုံးကြဲချသော်လည်း တိုက်ပွဲမှာရပ်မသွားဘဲ ဆက်လက်ပြင်းထန်နေ

အောက်တိုဘာ ၁၉/ ၂၀၂၄ | ကြည့်ရှုသူ :2590
ရခိုင် သတင်း

မင်းသျှင်စော၊ နိရဉ္စရာ ၊အောက်တိုဘာ ၁၉/ ၂၀၂၄

အနောက်တိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့အနီးရှိကျေးရွာ (၅) ရွာကို စစ်ကောင်စီက ဗုံးကြဲသော်လည်း အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားနေသည့် တိုက်ပွဲမှာ ရပ်မသွားဘဲဆက်လက် ပြင်းထန်နေကြောင်း ဒေသအတွင်းမှ စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ အောက်တိုဘာ ၁၈ ရက် ည ၉နာရီကျော်အချိန်တွင် အမ်းမြို့အနီးရှိ ကြောင်ဖြူကွင်း၊  ရပ်သာရွာသစ်၊ ပျဉ်းတောကြီး၊ ဂွေးကိုင်းနှင့် ရပ်သာရွာဟောင်းတို့ကို  စစ်ကောင်စီလေယာဉ်များက အကြိမ်ရေ ၂၀ ထက်မနည်း ဗုံးများကြဲချခဲ့သည်ဟုစစ်ရေးစောင့်ကြည့်နေသူ ဒေသခံ တစ်ဦးက ပြောကြားသည်။

“ လက်နက်ကြီးနဲ့ ပစ်တယ်တယ်။ နောက်ပိုင်း လေယာဉ်နဲ့လာပြီး အဲဒီရွာတွေကို အကြိမ်၂၀ ထက်မနည်း ဗုံးတွေကြဲချတယ်။ နေအိမ်တွေ ထိခိုက်ပျက်စီးကုန်တယ်။ ဒါပေမယ့် တိုက်ပွဲက ရပ်မသွားဘူး တစ်ညလုံးဖြစ်တယ်” ဟု၎င်းက နိရဉ္စရာကို ပြောသည်။  

အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်တို့သည် ကြောင်ဖြူကွင်းလမ်းဆုံဂိတ်အနီးနှင့် COD(စစ်လက်နက်ပစ္စည်းသိုလှောင်ရေးတပ်) နားတို့တွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး  လေကြောင်းကနေဗုံးကြဲချသော်လည်း တိုက်ပွဲမှာ မရပ်သွားဘဲ တစ်ညလုံး ဆက်လက် ဖြစ်ပွားနေခဲ့သည်ဟု ၎င်းကပြောဆိုသည်။

"ည ၉ နာရီကျော်လောက်မှာ အမ်းမြို့သစ်နောက်ဘက် တောင်တန်းတွေလည်း စစ်ကောင်စီ လေတပ်က ဗုံးကြဲတယ်။ ပြီးတော့ရပ်သာ၊ ကြောင်ဖြူကွင်း၊ ဂွေးကိုင်းတို့ကိုလက်နက်ကြီး ပစ်တယ်။ တိုက်ပွဲပြင်းလာတော့လေကြောင်းကပါ ဗုံးချတယ်။ ညဆိုတော့ ဗုံးချတဲ့  မီးတွေကို မြင်ရတယ်။ သူတို့ ဗုံးကြဲတုန်းက ကြောင်ဖြူကွင်းလမ်းဆုံမှာရှိတဲ့ စစ်ကောင်စီစခန်းကို အေအေက ဝင်တိုက်ပြီးCOD နဲ့စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း (BE)မှာပါ တိုက်ပွဲ ဖြစ်နေတယ်"ဟု သူက ဆိုသည်။

စစ်ကောင်စီ၏စခန်းတစ်ခုဖြစ်သောကြောင်ဖြူကွင်းလမ်းဆုံစခန်းကို AA ကဝင်တိုက်ပြီးတပြိုက်နက်တည်းတွင်  COD နဲ့ BE တို့ကိုပါ တိုက်ပွဲဖြစ်နေသဖြင့် တိုက်ပွဲပြင်းထန်နေသည်ဟု ဆိုသည်။

လက်ရှိ တိုက်ပွဲဖြစ်ပွားနေသည့်နေရာသည် အနောက်ပိုင်းတိုင်း စစ်ဌာချုပ် (နပခ) နှင့် နီးကပ်နေပြီး  နပခထဲကိုလည်း AA က လက်နက်ကြီးများ၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်နေသလို  စစ်ကောင်စီ လေတပ်ကလည်း အမ်းမြို့အနီးရှိ တိုက်ပွဲဖြစ်ပွားနေသည့် နေရာများကို အနည်းဆုံး ဂျက်ဖိုက်တာ ၄စီးခန့်ကို အသုံးပြုကာ နေ့ရောညပါ ဗုံးကြဲတိုက်ခိုက်နေသည်ဟု သိ၇သည်။

ယမန်နေ့ညက ဗုံးကြဲခံရသည့် ကျေးရွာများမှ ရွာသားများမှာ တိုက်ပွဲများကြောင့်ဘေးလွတ်ရာသို့ ထွက်ပြေးသွားခဲ့ကြပြီဖြစ်သဖြင့်  ကျေးရွာများအတွင်းရှိ နေအိမ်များ ထိခိုက်ပျက်စီးခဲ့သော်လည်း ရွာသားများထိခိုက်မှု မရှိကြောင် နောက်ဒေသခံတစ်ဦးကလည်း ပြောဆိုသည်။

#စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.