နိရဉ္စရာ၊ အောက်တိုဘာ ၁၉/၂၀၂၄
ရခိုင်တောင်ဘက် အစွန်ဆုံး ဂွမြို့နယ်၊ တိုင်ကျိုးကျေးရွာ ပုဂံတောင်ဘုရားတွင် တပ်စွဲထားသည့်စစ်ကောင်စီတပ်သည် ယမန်နေ့ ည ၉ နာရီက လက်နက်ကြီး ၂ ချက်ပစ်ပြီးနောက် ရွာထဲကနေ စစ်ကား ၅ စီးဖြင့်တပ်နောက်ဆုတ်သွားခဲ့သည်ဟု သိ၇သည်။
“ တိုင်ကျိုးရွာပုဂံတောင်ဘုရားမှာ တပ်စွဲထားတဲ့ အမြောက်တပ်ကိုမနေ့ညက နောက်ဆုတ်သွားပါပြီ။ သိရတာက ဆပ်သွားနဲ့ ကမ်းသာယာအကြား ဇီးကုန်းကျေးရွာထိ နောက်ဆုတ်သွားပြီးအဲဒီကျေးရွာမှာ အမြောက်တပ်ဆင်ပြီး ထပ်တပ်စွဲတယ်လို့ ကြား၇ပါတယ်”ဟု ဒေသခံ တစ်ဦးက ပြောသည်။
ယမန်နေ့ ည ၉ နာရီခန့် တွင် စစ်ကောင်စီတပ်မှ စစ်ကား ၅ စီးဖြင့်နောက်ဆုတ်သွားခဲ့သည်ဟု သိ၇သည်။
“ မနေ့ကည ၉နာရီမှာ တပ်ဆုတ်တာပါ။ လက်နက်ကြီး ၂ချက်ပစ်ပါတယ်။ ခဏကြာတော့ လေယာဉ်လာပြီး တိုင်ကျိုးရွာကို ဗုံးကြဲပါတယ်။ ဒါ့အပြင် ချင်းအမျိုးသားတွေနေတဲ့ချောင်းသာရွာက ခရစ်ယာန် ဘုရားရှိခိုးကျောင်းလည်း လက်နက်ကြီးကျပြီး ပျက်စီးသွားတယ်လို့သိ၇ပါတယ်”ဟုပြောသည်။
ဇီးကုန်းရွာတွင် စစ်ကောင်စီတပ် ဝင်ရောက် နေရယူစဉ် ကားလမ်းများကိုပိတ်ထားသဖြင့် ဂွမြို့နယ်ကနေ ဧရာ၀တီတိုင်း သိုင်းချောင်းဘက်သို့ စစ်ရှောင်ကြသည့် ပြည်သူများပိတ်မိနေခဲ့သည်ဟု သိ၇သည်။
အာရက္ခတပ်တော် (AA) နှင့် အကြမ်းဖက် စစ်ကောင်စီတပ်သည်ဂွမြို့ မြောက်ဘက် မိုင် (၂၀) ကျော်အကွာ ကြွေချိုင်၊ ချောင်းသာ အနီးဝန်းကျင်တွင် တိုက်ပွဲများဆက်လက်ပြီးပြင်းထန်စွာ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်သည် အေအေ၏ ထိုးစစ်ကို မခံနိုင်ဘဲ ဂွမြို့ဘက်သို့ တစ်ဖြည်းဖြည်း နောက်ဆုတ်နေကြသည်ဟုစစ်ရေးစောင့်ကြည့်နေသူများက ပြောသည်။