(AA စနိုက်ဘာဖြင့် ပစ်ခတ်၍ ၎င်းအထုပ်များကို ကောက်ယူနိုင်ခြင်းမရှိသေးဟုဆို)
သဉ္စာနွယ်/မင်းသျှင်စော၊ နိရဉ္စရာ၊အောက်တိုဘာ ၁၉/ ၂၀၂၄
တိုက်ပွဲပြင်းထန်နေ၍ အမ်းမြို့လေယာဉ်ကွင်းတွင် လေယာဉ်မဆင်းသက်နိုင်တော့သဖြင့်စစ်ကောင်စီက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အတွက် လိုအပ်သော ရိက္ခာနှင့် စစ်လက်နက်ပစ္စည်းများကို လေယာဉ်ပေါ်မှ တစ်ဆင့် လေထီးဖြင့် ချပေးနေရသည်ဟု သတင်းရရှိသည်။
လေထီးဖြင့် ချရာတွင်လည်း အဆိုပါ လက်နက်နှင့် စစ်ပစ္စည်း အထုပ်များကိုလာကောက်သူ စစ်သားများအား အေအေတပ်ဖွဲ့ဝင်များက စနိုက်ဘာများဖြင့် ပစ်ခတ်နေ၍ အကျအဆုံးများရှိနေပြီးယနေ့ထိ အဆိုပါ အထုပ်များကို ကောက်ယူနိုင်ခြင်း မရှိဘဲဖြစ်နေသည်ဟု သိ၇သည်။
အမ်းမြို့ခံအမျိုးသားတစ်ဦးက" မနေ့ကဆို လေယာဉ်ပေါ်ကလေထီးနှစ်ခုနဲ့ စစ်လက်နက် ပစ္စည်းတွေကိုလာချတာကို အဝေးကနေ မြင်ရတယ်။လေယာဉ်ကွင်းဘက်ကို ချတာ။ အခုဆိုရင်ပြည်မကို သွားတဲ့ ကားလမ်းကိုလည်းပိတ်ထားပြီ။ အဲဒီအနီးဝန်းကျင် တိုက်ပွဲကအရမ်းပြင်းတယ်" ဟု နိရဉ္စရာ သတင်းဌာနကို ပြောသည်။
စစ်ကောင်စီလေတပ်သည် လက်နက်များနှင့် စစ်လက်နက်ထောက်ပို့ပစ္စည်း အထုပ် (၂၀) ခန့်ကို ချောင်းကိုင်းခုံအနီးတွင် အောက်တိုဘာ ၁၈ မွန်းလွဲ ၂ နာရီခွဲမှ ညနေ ၃ နာရီထိ ၁၀ ကြိမ်လောက် ချပေးခဲ့ရသည်ဟု သိ၇သည်။
" မနေ့ကလေယဉ်နဲ့ လာချပေးတာပါ။ မွန်းလွဲ ၂ နာကျော်ကနေ လေထီးတွေနဲ့ စချတာ။ တစ်ခါချရင်၂ ထုပ်ချပါတယ်။၁၀ ကြိမ်လောက် ချတာကို တွေ့ရတယ်။ချောင်းကိုင်းခုံလို့ ခေါ်တဲ့နေရာ အနားကို လေထီးနဲ့ချတာ။ ဒါပေမယ့် အဲဒီထောက်ပို့ပစ္စည်းတွေက သူတို့ယူဆောင်မရသေးဘူး။ သွားသယ်တဲ့တပ်ဖွဲ့ဝင်တွေ AAမှ စနိုက်ဘာနဲ့ ပစ်လို့ အကုန်သေကြတယ်။ အခုထိ ယူဆောင်လို့မ၇သေးဘူး"ဟု သူကဆိုသည်။
၎င်းပြင် အာရက္ခတပ်တော်(AA)သည် မင်းဘူး- အမ်းကားလမ်း အပါအဝင် လေးဘက်လေးတန်က အဝင်အထွက်လမ်းကို ပိတ်ဆို့ထားသဖြင့် စစ်လက်နက် ပစ္စည်းများနှင့် ထောက်ပို့ပစ္စည်းများကို ကားဖြင့်အမ်းသို့ လာပို့ရန် မလွယ်ကူတော့ဟု သိ၇သည်။
လက်ရှိတွင်အမ်းအခြေစိုက် ဆေးတပ်နောက်ကျောနှင့်စရဖ ရုံးနောက်ကျောက်တို့တွင် တိုက်ပွဲ ပြင်းထန်နေပြီး ယနေ့ ညနေ ၄နာရီခွဲအချိန်တွင် စစ်ကောင်စီလေတပ်မှ ဗုံးကြဲချခဲ့သည်ဟုအမ်းမြို့ခံ အမျိုးသမီးတစ်ဦးက နိရဉ္စရာသတင်းဌာန ကိုပြောသည်။
" အခုဖုန်းပြောနေတဲ့အချိန်တောင်ဗုံးချသံကိုအကျယ်ကြီးနီးနီးကပ်ကပ်ကြားနေရတယ်။ အိမ်ထဲမှာ မနေနိုင်လို့တခြားနေရာမှာသွားပုန်းနေ၇တယ်" ဟုပြောသည်။
ယင်းအပြင်တိုက်ပွဲပြင်းထန်မှုကြောင့် အမ်း-ပဒါန်း-မင်းဘူး ကားလမ်းကိုပြန်ပိတ်လိုက်သည့်အတွက် မြို့ခံထောင်နှင့်ချီပြီး စစ်ဘေးရှောင်ရန်မလွယ်ကူဘဲ ပိတ်မိနေသည်ဟု၎င်းကပြောသည်။
" ပိတ်လိုက်တာက တော်လှန်းရေးတပ်ဖွဲ့တွေပိတ်လိုက်တာလို့ကြားတယ်။ အခု စစ်ဘေးရှောင်လို့လည်း မရတော့ဘူး။ မြို့ပေါ်မှာပိတ်မိနေကြပါပြီ။ဗုံးချသံကလည်း တဒိန်းဒိန်းနဲ့။ ကြောက်စရာကြီး" ဟုပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၈ ရက်နေ့ည ၉နာရီကျော်အချိန်ကလည်း အမ်းမြို့အနီးရှိ ကြောင်ဖြူကွင်း၊ ရပ်သာရွာသစ်၊ပျဉ်းတောကြီး၊ ဂွေးကိုင်းနှင့် ရပ်သာရွာဟောင်းတို့ကို စစ်ကောင်စီလေယာဉ်များက အကြိမ်ရေ ၂၀ ထက်မနည်း ဗုံးများကြဲချခဲ့သည် မြို့ခံများကပြောသည်။