တနင်္လာ၊ အောက်တိုဘာလ ၂၁ရက်၊ ၂၀၂၄

ဂွမြို့တစ်ဖက်ကမ်း မကျဉ်းငူတစ်ရွာလုံးနီးပါး တိုက်ပွဲနှင့် ငါးဖမ်းခွင့်မရရာမှ ဧရာ၀တီဘက်သို့ စစ်ဘေးတိမ်းရှောင်သွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 330

နိရဉ္စရာ၊ အောက်တိုဘာ ၂၀/၂၀၂၄

 

ဂွမြို့ ချောင်းတစ်ဖက်ကမ်းတွင် တည်ရှိသည့် မကျဉ်းငူ ရွာသားများသည် တိုက်ပွဲများ နီးကပ်လာမှုနှင့် အတူ ငါးဖမ်းခွင့် မရရာကနေ လုံခြုံရေးနှင့် လုပ်ကိုင်စားသောက်ရန် အခက်အခဲဖြစ်လာသဖြင့် ဧရာ၀တီတိုင်းသို့ စစ်ဘေး​ရှောင်ရန်ယာယီပြောင်းရွှေ့သွားခဲ့ကြသည်ဟု သတင်းရရှိသည်။

 

“ ဒီရွာက အိမ်ခြေ ၃၀၀ လောက်ရှိပါတယ်။အကုန်ရေလုပ်သားတွေပါဘဲ။ အခု တိုက်ပွဲလည်း ဂွနားထိ ရောက်လာပြီဖြစ်သလို ပင်လယ်ထွက် ငါးဖမ်းလို့လည်း မရတော့ ရွာသားတွေ အကုန်နီးပါး မိသားစုအလိုက် ဧရာ၀တီတိုင်းဘက်ကို စစ်ရှောင်သွားကြပါပြီ” ဟု ဒေသခံ တစ်ဦးက ပြောသည်။

 

အိမ်စောင့်ရန် သက်ကြီးပိုင်းတချို့သာ ရွာ၌ ကျန်နေခဲ့သည်ဟု ဆိုသည်။

 

မကျဉ်းငူ ကျေးရွာကို ဂွမြို့က ယခင်က လှေဖြင့် ကူးရသော်လည်း NLD အစိုးရလက်ထက်တွင် ကွန်ကရစ် တံတားထိုးပေးခဲ့သဖြင့် သွားလာရ လွယ်ကူပြီး အဆိုပါ ရွာမှ တစ်ဆင့် ငွေသောင်ယံမြို့ အထိ ကားဖြင့် သွားနိုင်သည်ဟု ဆိုသည်။

 

အာရက္ခတပ်တော် (AA)၏ ထိုးစစ်သည် ဂွမြို့ မြောက်ဘက် မိုင် (၂၅) မိုင်ထိ နီးကပ်လာပြီဖြစ်သဖြင့် တိုက်ပွဲဖြစ်ပွားရာ ကျေးရွာများ တစ်လျှောက် ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြပြီး အများစုမှာ ဧရာ၀တီတိုင်းဘက်သို့  စစ်ဘေးရှောင်သွားကြသည်ဟု သိရသည်။

 

AA ဂွမြို့ကို သိမ်းပိုက်နိုင်ခြေ ရှိနေပြီး သိမ်းပိုက်ပြီးပါက ဧရာ၀တီတိုင်း ဘက်သို့လည်း ထိုးစစ်ဆင်လာနိုင်သဖြင့် စစ်ကောင်စီသည် ဂွမြို့နယ်နှင့် ထိစပ်နေသည့် ငသိုင်းချောင်း၊ ရေကြည်မြို့နယ်များတွင် လုံခြုံရေးတိုးမြှင့်ပြီး စစ်ရေးပြင်ဆင်မှုများပြုလုပ်နေသည်ဟု သိရသည်။

 

ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက AAသည် ဂွမြို့ကိုသာမက ချောင်းသာ၊ ငွေဆောင်မှသည် မော်တင်စွန်းအထိ သိမ်းပိုက်နိုင်သည်ဟု ခန့်မှန်းပြောဆိုထားသည်။ (သတင်းနှင့် ဓာတ်ပုံ-CJ ပေးပို့)

ဆက်စပ် သတင်းများ