အင်္ဂါ၊ အောက်တိုဘာလ ၂၂ရက်၊ ၂၀၂၄

တိုက်ပွဲပြင်းထန်နေသည့် အမ်းမြို့အနီးမှ လုံးကျေးရွာကို စစ်ကောင်စီ မီးရှို့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 415

မင်းသျှင်စော၊ နိရဉ္စရာ ၊အောက်တိုဘာ ၂၁၊၂၀၂၄

စစ်ကောင်စီ အနောက်ပိုင်းတိုင်း စစ်ဌာချုပ် (နပခ) တည်ရှိရာ အမ်းမြို့အနီးရှိ လုံးကျေးရွာကို ယနေ့နံနက်အစောကြီးက စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး တပ်ဖွဲ့ဝင်များမှ ကိုယ်တိုင် ဝင်ရောက် မီးရှို့၍ တစ်ရွာလုံး မီးလောင်ပြာကျသွားဟုသတင်း ရရှိသည်။

လုံးကျေးရွာသည်အိမ်ခြေ ၂၅၄ အိမ်ရှိပြီး အမ်းချောင်းအနီးအနားတွင် တည်ရှိသော ကျေးရွာတစ်ရွာ ဖြစ်ပြီး စစ်ကောင်စီထောက်ပို့တပ်နှင့် အနီးဆုံးဖြစ်ကာ နပခဌာနချုပ်မှ  ၂ မိုင်ခန့်ဝေးကွာသည်ဟု စစ်ဘေးရှောင် လုံးကျေးရွာသား တစ်ဦးက နိရဉ္စရာသို့ ပြောကြားသည်။

"ဒီနေ့မနက်ပိုင်းက သူတို့ကလက်နက်ကြီးနဲ့ ပစ်တယ်။ ပြီးတော့မီးတုတ်တွေနဲ့ မီးတိုက်တယ်။ စစ်ကောင်စီအင်အား ၁၀၀ ကျော်ပါတယ်။ အကုန်လုံးထောက်ပို့တပ်ကဘဲ။ အခုတစ်ရွာလုံး ပြာကျသွားပြီ။ အိမ်စောင့်ကျန်တဲ့လူတွေလည်းရှိနေတယ်။ အဆက်သွယ်မရသေးဘူး။ သတ်လိုက်ပြီ ထင်တယ်။ ရွာကလူငယ်ပိုင်းနဲ့တော်တော်များက နတ်တောင်တိုက်ပွဲဖြစ်ကတည်းက စစ်ရှောင်နေကြပြီ။"

အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ များမကြာမီက အပြင်းအထန် ဖြစ်ပွားခဲ့သည့် နတ်တောင် တိုက်ပွဲကတည်းက တစ်ရွာလုံး နီးပါးစစ်ဘေးရှောင်နေရသည်ဟု ပြောသည်။


ယနေ့အောက်တိုဘာ ၂၁ ရက်နေ့ နံနက် အစောကြီးတွင် စစ်ကောင်စီတပ်သားများသည် သေနတ်များ တရစပ် ပစ်ခတ်ပြီး ရွာထဲကို ဝင်လာကာ မီးရှို့သဖြင့် လုံးရွာတွင် အိမ်စောင့်ကျန်နေခဲ့ကြသည့် သက်ကြီးရွယ်အိုများ၏ ကံကြမ္မာကို မသိရသေးဟု ဒေသခံများက ပြောဆိုသည်။ 

လုံးကျေးရွာသားများ နီးစပ်ရာဆွေမျိုးတော်စပ်သူများထံ၌ စစ်ဘေးရှောင်နေချိန်တွင် အကြမ်းဖက် စစ်ကောင်စီတပ်၏ လာရောက်မီးတိုက်မှုကို ခံရသောကြောင့် လုံးကျေးရွာသားများအတွက် လွန်စွာ စိတ်မကောင်း ဖြစ်ရသည်ဟု အမ်းဒေသခံ လူမှုရေး ဆောင်ရွက်နေသူ သူတစ်ဦးက ပြောကြားသည်။

"သူတို့မှာက အခုအိမ်လည်းမရှိတော့ဘူး။ သူများအိမ်မှာ တသက်လုံး နေလို့လည်း မရဘူး။ ဆင်းရဲနေပါစေ၊ အိမ်ရှိနေရင် အိမ်ကနေပြီး အလုပ်ရှာလုပ်ယင်း မိသားစု နွေးနွေးကျတယ်။ အခုလို မီးရှို့ခံရတာကို ကြားတော့ အထူးစိတ်မကောင်း ဖြစ်ရပါတယ် "ဟု ပြောသည်။

စစ်ကောင်စီ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)သည် တပ်နယ်မြေအနီအနားရှိ ကျေးရွာ နှစ်ရွာဖြစ်ကြသည့် ပြောင်းချောင်းနှင့် ဇာဒီမော်ကျေးရွာတို့အားလည်း ပြောင်းရွှေ့ခိုင်းထားပြီး ရွာသားများမရှိတော့သည့်အချိန်တွင် ကျေးရွာတွင်းသို့ ဝင်ရောက်ပြီး မီးရှို့မည်ကို စိုးရိမ်နေကြရသည်ဟု ဒေသခံများက ပြောဆိုသည်။

စစ်ကောင်စီသည် ရခိုင်တွင် စစ်ရှုံးနေပြီး အငြိုးအတေးဖြင့် အရပ်သားများကို ဗုံးကြဲ သတ်ဖြတ် နေသည်သာမက ရခိုင်ပြည်ရှိ လမ်း၊ တံတား၊ ဘုရား၊ ပုထိုး၊ စေတီ၊ ကျောင်း၊ ဘုန်းတော်ကြီးကျောင်း၊ အဆောက်ဦတို့ကို လေယာဉ်ဖြင့် ဗုံးကြဲကာ ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။

ဆက်စပ် သတင်းများ