အင်္ဂါ၊ အောက်တိုဘာလ ၂၂ရက်၊ ၂၀၂၄

မောင်တော နခခ(၅)ကို လေထီးများဖြင့် လက်နက်နှင့် ရိက္ခာများထပ်မံချပေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 692

(တိုက်ပွဲဆက်လက်ဖြစ်ပွားနေ)

နောင်မင်းသူ၊ နိရဉ္စရာ၊‌အောက်တိုဘာ ‌၂၁ / ၂၀၂၄

ရခိုင်ပြည်၊အနောက်ဘက်နယ်စပ် မောင်တောမြို့ အခြေစိုက် နခခ(၅)တပ်ရင်းသို့ အောက် တိုဘာ ၂၁ ရက် နံနက် ၁၀ နာရီခန့်၌ စစ်ကောင်စီ Y-12 မှ လေထီးများဖြင့် လက်နက်နှင့် စားနပ်ရိက္ခာများ ထပ်မံ ချပေးကြောင်းသိရသည်။

ဒေသခံတစ်ဦးက "ကျွန်တော်တို့ လာတဲ့ အချိန်မှာ နခခ(၅)ကို Y-12 က လေထီး တွေ နဲ့ လက်နက်နဲ့ ရိက္ခာ‌ တွေချပေး နေတာတွေ့တယ်။ တစ်ကြိမ် နှစ်ထုပ်စီ ချပေးတယ်။ အထုပ် ၃၀ လောက်တော့ရှိမယ်ထင်တယ်"ဟု ပြောကြားသည်။

ထိုအတူ အာရက္ခတပ်တော် (AA) မှ ထိုးစစ်ဆင်တိုက်ခိုက် နေတဲ့ နခခ(၅)တပ်ရင်းပတ်ဝန်းကျင်အား အောက်တိုဘာ ၂၁ ရက်မနက် ၉ နာရီ ၄၅ မိနစ်၌ ဂျက်တိုက်လေယာဉ် တစ်စီးဖြင့် ဗုံးကြဲခဲ့ကြောင်း မျက်မြင်ဒေသခံများကပြောဆိုသည်။

"ဂျက်တိုက်လေယာဉ်နဲ့ နခခ(၅)အနီးကိုဆက် လက်ဗုံးကြဲနေတာတွေရတယ်။တိုက်ပွဲကတော ဆက်ဖြစ်နေကြတုန်းပါ။ မနက်အရုဏ်မှာလည်း တိုက်ပွဲဖြစ်သံတွေကြားနေရတယ်။ နေဗီကပစ်တဲ့ လက်နက်ကြီးသံတွေပါကြားရတယ်"ဟုပြောဆိုသည်။

တိုက်ပွဲအပြင်းထန်ဆုံးအဆင့်သို့ ရောက်ရှိလာ နေသည့် မောင်တော နခခ(၅)တပ်ရင်းဝန်းကျင်အား စစ်ကောင်စီလေတပ်က ဂျက်တိုက် လေယာဉ်များဖြင့် နေ့စဉ်ရက်ဆက် ဗုံးကြဲချ နေ သလို Y-12 မှ လည်း လက်နက် နှင့် စား နပ်ရိက္ခာများအား ထပ်မံချပေးလျှက်ရှိနေတာလည်းဖြစ်သည်။

မောင်တောရှိ တစ်ခုတည်းကျန်ရှိနေသည့် အမှတ်(၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ နခခ(၅) အား အာရက္ခတပ်တော်(AA)က အပြီးသတ်သိမ်းပိုက်နိုင်ရေး အပြင်းအထန်ထိုးစစ်ဆင်တိုက် ခိုက်လျှက်ရှိနေပြီး စစ်ကောင်စီကလည်း လေကြောင်းကနေ အလွန်ပြင်းအားကောင်းသည့် ဗုံးများကို အကြိမ်ကြိမ် လာရောက်ကြဲချကာ ခုခံကာကွယ်နေသည်ဟု သိရသည်။ (ပုံဟောင်းသာ)

ဆက်စပ် သတင်းများ