Preview

ဂွတိုက်ပွဲတွင် AAက ခြေရာဖျောက်နေ၍ စစ်ကောင်စီက ဒရုန်းဖြင့် ကင်းထောက်နေ

အောက်တိုဘာ ၂၄/ ၂၀၂၄ | ကြည့်ရှုသူ :4399
ရခိုင် သတင်း

နိရဉ္စရာ၊ အောက်တိုဘာ ၂၄/၂၀၂၄

ဂွမြို့နယ်မြောက်ဘက် ကြွေချိုင်စစ်စခန်းကို သိမ်းပြီးနောက်ပိုင်းအာရက္ခတပ်တော်က ခြေရာဖျောက်နေသဖြင့် စစ်ကောင်စီက ဒရုန်းလွှတ်ကာထောက်လှမ်းနေသည်ဟု ဒေသခံများကပြောကြားသည်။

“ မနေ့ကတည်းကသေနတ်သံမကြား၇ဘူး။ အောက်တိုဘာ ၂၄ ရက် ဒီနေ့ မနက်ထိ အသံတိတ်နေတယ်။ အေအေ ဘယ်နားကနေ ဝင်ချမလဲဆိုတာကိုမသိတော့ စစ်တပ်ဘက်က သတိထားပြီး စောင့်ကြည့်နေတယ်။ စိုးရိမ်တာလည်း ပါမှာပေါ့။ ကြွေချိုင်စခန်းကိုသိမ်းပြီးကတည်း သေနတ်သံတွေ တိတ်နေတယ်။ ဒရုန်းတွေနဲ့ကင်းထောက်တာတွေကို စစ်တပ်ဘက်က လုပ်နေတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။  

ဆပ်သွားတံတားထိပ်တွင် နေရာယူထားသည့် စစ်ကောင်စီတပ်သည် ယမန်နေ့ကနံနက် ၁၁ နာရီတစ်ကြိမ်၊ မွန်းလွဲ ၂ နာရီတွင် တစ်ကြိမ် ဒရုန်းဖြင့် လွှတ်ပြီး ကင်းထောက်နေသည်ဟု၎င်းက ပြောသည်။

“ စစ်တပ်ကလည်းကြွေချိုင်နဲ့ တိုင်ကျိုးကြားမှာ နေရာယူထားတယ်။ ကြွေချိုင်နဲ့ တိုင်ကျိုးရွာကြား ချောင်းသာရွာဘက်မှာစစ်သားတချို့ ကင်းပုန်းဝပ်လို့ ရှိတယ်လို့ သတင်းရတယ်။ တိုင်ကျိုးမှာဆိုရင် ရွာမြောက်ဘက်အစွန်ဆုံး ပုဂံဘုရားတောင်မှာတော့ အမြောက်တပ်မရှိတော့ဘူး။ စစ်ကား နှစ်စီးတော့ရှိနေတယ်လို့သိ၇တယ်” ဟု၎င်းကပြောကြားသည်။

အာရက္ခတပ်တော်၏ ဗျူဟာကို စစ်တပ်က မခန့်မှန်းတတ်ဖြစ်နေပြီးအေအေက အဖွဲ့ငယ်များခွဲပြီး ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်ကာ စနှိုက်ပါဖြင့်လာပစ်မည်ကိုစစ်သားအများအကြား  စိုးရိမ်နေကြသည်ဟု ဆိုသည်။

“အေအေရဲ့ဗျူဟာကို စစ်တပ်က လိုက်မမီဘူး။ သူတို့ (အေအေ) က ရုတ်ခြည်းပေါ်လာပြီး အင်အားအနည်းပြပြီးတိုက်တယ်။ တကယ်နင်လားငါလား ဖြစ်လာတဲ့အခါဆိုရင် အင်အား အများအပြားနဲ့ ဝိုင်းတိုက်တော့စစ်တပ်က နောက်လှန်ကျတာသွားတာများတယ်။ အေအေဗျူဟာ မခန့်မှန်းတတ်လို့ စစ်တပ်က တိုက်ပွဲတိုင်းရှုံးတယ်။အေအေက အပိုင်၇မှာ တိုက်တာ” ဟု ၎င်းက ပြောကြားသည်။ 

အေအေက တိုင်ကျိုးအနီးတွင် စနိုက်ဘာဖြင့် ပစ်ခတ်၍ စစ်ကောင်စီတပ်ကပွိုင့်ကား ညာဘက်မီးသီးဘက်ခြမ်းကို ကျည်ထိမှန်ခဲ့ပြီးနောက် စစ်တပ်က ကားများထက် ခြေကျင်လျှောက်သွားသည်က ပိုများသည်ဟု ဆိုသည်။

“ တိုင်ကျိုးကိုကျော်ရင် ဂျိုင်ကောက်ရွာကိုရောက်မယ်။ ဂျိုင်ကောက်မှာတော့ စစ်တပ်က ညဘက်ဆိုရင် ကင်းလှည့်ပြီး ဧည့်စာရင်းစစ်တယ်။ကင်းပုန်းဝပ်တာတွေလည်း ရှိတယ်လို့ သိရပါတယ်။ ဂျိုင်ကောက်လွန်ရင်တော့ ဆပ်သွားကိုရောက်မယ်။ဆပ်သွားမှာတော့ ဗျူဟာမှူးထိုင်တယ်လို့ သိရတယ်။ အေအေက ဂျိုင်ကောက်ကို ကျော်ပြီး ဆပ်သွားရွာကိုဝင်ရောက်လာမှာကို လူတိုင်း စိုးရိမ်နေကြတယ်”ဟု ပြောသည်။

ယနေ့နံနက်ထိ သေနတ်သံများရပ်နေပြီး တိုင်ကျိုးပတ်ဝန်းကျင်တွင်တိတ်ဆိတ်နေသော်လည်း အခြေအနေမှာ မုန်တိုင်းမလာမီ လေငြိမ်နေသလို တိုက်ပွဲမဖြစ်မီ ငြိမ်သက်နေသလိုမျိုးဖြစ်နေသည်ဟု ၎င်းက ပြောကြားသည်။

ပုံစာ- ဆပ်သွားတံတား ဆပ်သွားဘက်ခြမ်းတွင် စစ်ကောင်စီစစ်ဆေးရေးဂိတ်ကိုတွေ့စဉ်။ (သတင်းနှင့်ဓာတ်ပုံ-CJ)


#တိုက်ပွဲ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.