(နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီလေကြောင်းမှဗုံးကြဲ)
မင်းသျှင်စော နိရဉ္စရာ ၊အောက်တိုဘာ ၂၅၊၂၀၂၄
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) လက်အောက်ခံတပ်ရင်းများဖြစ်ကြသော BE တပ်နှင့် ၁ မိုင်ကုန်းတွင် ယနေ့ နံနက်ပိုင်းမှ စတင်ပြီး AA နှင့် စစ်ကောင်စီတို့အကြား နှစ်ဖက် တိုက်ပွဲ ပြင်းထန်နေသည်ဟု သတင်းရရှိပါသည်။
ယနေ့အောက်တိုဘာ၂၅ရက်နေ့ နံနက်ပိုင်းကစပြီး တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသည်ဟု စစ်ရေးအခြေအနေ လေ့လာ စောင့်ကြည့်နေသည့် အမ်းဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
"ဒီနေ့မနက်ကစပြီးစစ်ကောင်စီ BE တပ်နဲ့ ၁မိုင်ကုန်းကို AAမှ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ နှစ်ဖက်တိုက်ပွဲက တော်တော်ပြင်းပါတယ်။ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ တိုက်ပွဲဖြစ်နေတဲ့ နေရာကို တိုက်ရိုက်ဗုံးကြဲနေတယ်။ နပခကလည်း အတွဲလိုက် ပစ်ကူပေးနေတယ် "ဟု သူကဆိုသည်။
အမ်းမြို့သည် ရခိုင်ပြည်မှ အကြီးဆုံး စစ်ကောင်စီ စစ်ဌာနချုပ်နပခ တည်ရှိရာ မြို့လည်းဖြစ်ပြီး AAကလည်း အမ်းမြို့တစ်ခုလုံးအား သိမ်းပိုက်ရန် တပ်ရင်း တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်နေသည်။
“ BE တပ်နဲ့ ၁မိုင်ကုန်းကို AA မှ အငိုက်ဖမ်းပြီးဝင်တိုက်တာပါ။ စစ်ကောင်စီတပ်ဘက်က ရေရှည်တောင့်ခံဖို့မလွယ်ဘူး။ အေအေက အင်အားလည်းများတယ်။လေယာဉ်မရှိတာက လွှဲပြီး လက်နက်အင်အားလည်းကောင်းတယ်။ AA တပ်သားတွေက စိတ်ဓာတ်လည်းကောင်းတယ်” ဟု ၎င်းက ပြောသည်။
အမ်းနပခဌာနချုပ်၏ အဓိက တပ်ရင်း၊ တပ်ခွဲများကိုAA မှ တိုက်ခိုက် သိမ်းပိုက်ထားပြီး ကျန်ရှိနေသေးသည့် စစ်တပ် တပ်ရင်းများကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေသည်။ များမကြာအမှီအချိန်အတွင်း အနောက်ပိုင်းတိုင်းစစ်ဌာချုပ် (နပခ) အတွင်း တိုက်ပွဲဖြစ်လာနိုင်သည်ဟုအများက ခန့်မှန်းထားကြသည်။