သဉ္ဇာနွယ်၊နိရဉ္စရာ၊ အောက်တိုဘာ ၂၉/၂၀၂၄
ရခိုင်ပြည်၊အမ်းမြို့ပေါ်မှာ စစ်ရှောင်များအပါအဝင် ဒေသခံပြည်သူများ ဆန်အပါအဝင် စားနပ်ရိက္ခာပြတ်လပ်နေမှုကိုစစ်ကောင်စီက တာဝန်ယူမှုတစ်စုံတစ်ရာမရှိဟုမြို့ခံများက ပြောသည်။
အမ်းမြို့ခံအမျိုးသားတစ်ဦးက "အခု စစ်ကောင်စီဖက်ကလည်းဆန်တစ်ဗူးတောင် ထောက်ပံ့တာမရှိဘူး။ စစ်ရှောင်တွေလည်း အများကြီးပဲ။ အကုန်ငတ်နေကြပြီ"ဟုပြောသည်။
ယခင်ကအမ်းတွင် ဆန်ရှားလျှင် မယကရုံးမှ တစ်အိမ်ထောင်ကို တစ်ပတ်လျှင် ၅ ပြည်ကျစီ ရောင်းချခြင်းမျိုးရှိခဲ့သော်လည်း ယခုအချိန်တွင်မယကရုံးသို့သွားရောက်ဝယ်ယူရာ ဆန်မရှိတော့၍ ပြန်လာခဲ့ရကြောင်းအမ်းမြို့ခံအမျိုးသမီးတစ်ဦးက နိရဉ္စရာကို ပြောသည်။
"မယကရုံးက အုပ်ချုပ်ရေးမှူးတွေက ၁၂ လပိုင်းဒီဇင်ဘာလအထိ ဆန်ရောင်းပေးမယ် ပြောတယ်။အခု ၁၀ လပိုင်းကတည်းက လုံး၀ပြတ်သွားပြီ။မရှိတော့ဘူးပြောတယ်။ စစ်ကောင်စီကို စားနပ်ရိက္ခာတွေ ထောက်ပံ့လိုက်တာထင်တယ်။ ဆန်လုံး၀ ပြတ်သွားတယ် ဆိုတော့ အရမ်းဒုက္ခဖြစ်နေကြ၇ပါပြီ" ဟုပြောသည်။
အမ်းတွင်တိုက်ပွဲမဖြစ်မီက အများပြည်သူစားသုံးနိုင်သည့်ဆန်တစ်ပြည်ကို ကျပ် ၃၀၀၀ နှင့် ၃၅၀၀ ကြားသာရှိခဲ့ကြောင်း သိရသည်။
တိုက်ပွဲဖြစ်နေချိန်တွင်တစ်ပြည်ကို ကျပ် ၇၀၀၀ အထိရှိပြီး တစ်ပြည်ကိုကျပ်တစ်သောင်း ပေးမည်ဆိုလျှင်လည်း ဆန်ရှာလို့မရတော့ဟု သိရသည်။
ယင်းကြောင့်ထမင်းခြောက်လှန်းထားသူများမှာ ထမင်းခြောက်ကိုစားနေရပြီး တချို့မှာဆန်ပြုတ်ကျိုသောက်နေရကြောင်း မြို့ခံများက ပြောသည်။
လက်ရှိအမ်းမြို့ပေါ်တွင် စစ်ဘေးရှောင်များအပါအဝင် ဒေသခံပြည်သူ လေးထောင်ခန့် ရှိနေသည်ဟုသိရသည်။
အများစုမှာတိုက်ပွဲကြောင့် အသက်အန္တရာယ်ကျရောက်မည်ကို စိုးရိမ်နေကြရသလို တစ်ခြား တစ်ဖက်တွင်လည်း ရိက္ခာပြတ်တောက်ကာ အခက်အခဲဖြစ်နေကြသည်ဟုသိရသည်။
အမ်းအဝင်အထွက်လမ်းများကိုလည်းစစ်ကောင်စီက ဖြတ်တောက်ပိတ်ဆို့ထား၍ ဆန်အပြင် တခြားအခြေခံစားသောက်ကုန်များမှာလည်းရက်ပိုင်းအတွင်း ဈေးမဆမတန်မြင့်တက်လာကြောင်း သိရသည်။
အမ်းတွင်တိုက်ပွဲများနေ့စဉ်ဖြစ်ပွားနေပြီး လက်ရှိမြို့ဧရိယာထဲတွင် ပါဝင်သည့် နေရာအချို့တွင်လည်း တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားလျက်ရှိသည်။
စစ်ကောင်စီလေတပ်ကလည်းမြို့အနှံ့ ဗုံးကြဲချနေ၍ မြို့ထဲတွင် စစ်ဘေးရှောင်များအပါအဝင် ဒေသခံပြည်သူထောင်နှင့်ချီ ပိတ်မိနေသည်ဟု သိ၇သည်။ (Photo- cincds)