သဉ္ဇာနွယ်၊နိရဉ္စရာ၊ အောက်တိုဘာ ၂၉/၂၀၂၄
စစ်ရေးပြင်းထန်နေသည့် ရခိုင်ပြည် ရေပြင်တွင် နိုင်ငံခြားကုမ္ပဏီများသည်စစ်ကောင်စီနှင့် အကျိုးတူ လုပ်ငန်းများကို ဆက်လက် ပူးပေါင်း ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဒေသအတွင်းက ရေလုပ်သားများ၏ ငါးဖမ်းခြင်းလုပ်ငန်းများအား လနှင့်ချီပြီး ကန့်သတ်ပိတ်ပင်မှုများ ပြုလုပ်နေသဖြင့် ဘ၀ရပ်တည်ရေးအခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိ၇သည်။
မဒေးကျွန်းဒေသမှ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူအမျိုးသားတစ်ဦးက "ရေနံတင် သင်္ဘောတွေက နှစ်ရက်တစ်ခါ၊သုံးရက်တစ်ခါ ပုံမှန် အဝင်အထွက်ရှိတယ်။ သူတို့ သင်္ဘောတွေဝင်တဲ့ အချိန်ဆို ငါးဖမ်းခွင့်မပြုဘူး။ အနည်းဆုံး ၁ နာရီ၊ ၂ နာရီလောက်ကြာတယ်။သူတို့ဝင် ထွက်မယ့် အချိန် သတ်မှတ်ပေးထားတာမရှိတော့အခက်အခဲဖြစ်တယ်။ သူတို့က အခုလည်း ဒီလကနေစပြီး နောက်ထပ် နှစ်လကြာအောင်အထိရေကြောင်းပြုပြင်ဦးမှာဆိုတော့ ငါးဖမ်းသမားတွေက အခက်ခဲရှိဦးမှာပဲ" ဟုပြောသည်။
စစ်ကောင်စီသည် အောက်တိုဘာလ ၂၁ ရက်မှ ဒီဇင်ဘာလ ၃၁ရက်အထိ ၂ လကျော်ကြာ မဒေးကျွန်း ရေနံတင်ချ ဆိပ်ကမ်းသို့ ရေနံတင်သင်္ဘောကြီးများ ဝင်ထွက်သွားလာနိုင်ရန် ရေလမ်းကြောင်းအားပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို South-EastCrude Oil pipeline company Limited ကဆောင်ရွက်သွားမည်ဟု ဆိုကာ ဒေသခံများ၏ ငါးဖမ်းခွင့်အား ပိတ်ပင်ထားကြောင်းသိ၇သည်။
“ သူတို့က ဒီလို လနဲ့ချီပြီး ငါးဖမ်းခွင့်ကို ပိတ်မယ်ဆိုရင် ဒေသခံတွေရဲ့ စားဝတ်နေရေးကို ဘယ်လို ဖြေရှင်းပေးမလဲ။ဒီကလူတွေမှာ တစ်နေ့ ငါးမဖမ်းရင် ထမင်းဘယ်လိုစားမလဲ။ ဒါတွေကို တာဝန်ရှိသူတွေက စဉ်းစားပေးရမှာပေါ့။အခုက ဒေသခံတွေရဲ့ အခြေအနေကို ဘာမှ မစဉ်းစားဘဲ နိုင်ငံခြားကုမ္ပဏီတွေနဲ့ ပေါင်းပြီးလုပ်ချင်သလို လုပ်နေတယ်။ ဒေသခံတွေမှာ ဘာမှ မတတ်နိုင်ဘူး။ ”ဟု ၎င်းက ပြောသည်။
ထိုသို့ ရေလုပ်ငန်း ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ Point A1 ဆောင်ရွက်နေစဉ် ကာလအတွင်း လုပ်ငန်းများနှောင့်နှေး ကြန့်ကြာမှု မဖြစ်ပေါ်စေရေးအတွက် လုပ်ငန်းခွင်ဧရိယာမှ(၅၀၀)မီတာပတ်လည်အတွင်းနှင့် ရာသီဥတုဘေးအန္တရာယ် ခိုလှုံမည့်နေရာ (Shelter Anchorage) ဧရိယာမှ ၂၅၀မီတာပတ်လည်အတွင်းအား ရေကြောင်းသတိပေးချက် (Notice to Mariners) ထုတ်ပြန်ကြေညာထားပါ၍ သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားထားခြင်း၊ ငါးဖမ်းဆီးခြင်းနှင့်ငါးဖမ်းကိရိယာများချထားခြင်း မပြုလုပ်ကြရန် စစ်ကောင်စီက အသိပေး စစ်ကောင်စီက ကြေညာထားသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၃ ရက်ကလည်းကျောက်ဖြူပင်လယ်ပြင်အတွင်း စက်လှေငယ်ဖြင့် ငါးဖမ်းထွက်သည့်ငါးဖမ်းသမားများထံမှ ငါးဖမ်းပိုက်များအပြင် ဖမ်းဆီးရမိသည့် ငါးများအား တောင်မော်ကြီးရေတပ်စခန်းတွင်ရပ်နားထားသည့် နေဗီများမှ စစ်ကောင်စီ တပ်သားများကသိမ်းဆည်းခဲ့သည်ဟု မြို့ချောင်းတိုက်နယ်မှ ဒေသခံအမျိုးသားတစ်ဦးကနိရဉ္စရာကိုပြောသည်။
"နေဗီကစစ်သားတွေကငါးဖမ်းတဲ့လူတွေကို တွေ့ တော့ နောက်တစ်ခါ ဘယ်တော့မှ လာမဖမ်းနဲ့လို့ ပြောလွှတ်လိုက်တယ်။ ပိုက်တွေရော၊ ဖမ်းလာတဲ့ငါးနှစ်ပိဿာကိုရော ယူထားလိုက်တယ်။ အဲဒီလိုငါးဖမ်းသမားတွေကကိုယ့်မြေမှာတောင် အသက်နဲ့ရင်းပြီး ငါးဖမ်းရတယ်။ စစ်ကောင်စီလက်အောက်မှာ သေမလား၊ရှင်မလားမသိနိုင်ဘူး" ဟု ပြောသည်။
ငါးဖမ်းလုပ်ငန်းဖြင့်အသက်မွေးဝမ်းကျောင်းပြုရသည့်ငါးဖမ်းသမားများမှာ စစ်ကောင်စီ၏ တားမြစ်မှု၊ ဖမ်းဆီးမှုကြောင့်ဝမ်းစာခက်ခဲနေကြရကြောင်း ဒေသခံများက ပြောသည်။
ကျောက်ဖြူတွင် မဒေးကျွန်း၏ အထက်ပိုင်းသံဇစ်မြစ်ဖျားပိုင်း၊ မဒေးကျွန်းအောက်ပိုင်းရှိ ဓည၀တီဌာနချုပ်အနီးတို့တွင် ငါးဖမ်းခွင့်လုံး၀ပိတ်ပင်ထားမြစ်ထားကြောင်း သိ၇သည်။
၎င်းပြင် စစ်ကောင်စီသည် မြန်မာရေနံနှင့် သဘာ၀ဓာတ်ငွေ လုပ်ငန်းနှင့်ရေနံရှာဖွေရေး တူးဖော်လုပ်ငန်းများတွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော POSCO International Cooperation Myanmar E&P သည် ရွှေစီမံကိန်းတွင် Shwe Project subsea system Inspection လုပ်ငန်းများအား MV. PTSC Thai BINHဖြင့် ဆောင်ရွက်သွားမည့်အကြောင်းနှင့် ထိုသို့ ဆောင်ရွက်စဉ်အတွင်နိုဝင်ဘာ ၂၂ ရက်နေ့မှ ဒီဇင်ဘာ ၃၁ ရက်နေ့ထိ ရေယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို ပိတ်ထားသည်ဟုသိရှိ၇သည်။