Preview

ဂွမြို့နယ်တွင် AA ထိုးဖောက်ဝင်ရောက်လာနိုင်မည့် လမ်းကြောင်းများကို စစ်ကောင်စီအင်အားဖြည့်

အောက်တိုဘာ ၂၉/ ၂၀၂၄ | ကြည့်ရှုသူ :1346
ရခိုင် သတင်း

(ပင်လယ်ပြင်ရှိ နေဗီတစ်စီးမှ တိုက်ပွဲဖြစ်ပွားခဲ့ရာ နေရာများကိုအမြောက်တွေနဲ့ ပစ်ခတ်)

နိရဉ္စရာ၊  အောက်တိုဘာ ၂၉/၂၀၂၄

ဂွမြို့နယ် မြောက်ပိုင်း ဆပ်သွားသို့ အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်များ ထိုးဖောက်ဝင်ရောက်လာနိုင်သည့် လမ်းကြောင်းတစ်လျှောက်ရှိ ကျေးရွာများတွင် စစ်ကောင်စီက တပ်အင်အားကိုဖြည့်တင်းထားသည်ဟု သတင်းရရှိသည်။

လက်ရှိ စစ်ကောင်စီက ကား ရ စီးခန့်ဖြင့် အင်အားဖြည့်ထားသည့်ကျေးရွာများမှာ ဂျိုင်ကောက်နှင့် ဆပ်သွားကျေးရွာ၏ နောက်ကြောဘက်တွင် တည်ရှိသည့်  ဆားချက်ကြီး ဆားချက်လေး၊ ကျောင်းတောင်ရွာ အထက်၊ ဆင်ကူးနှင့်ကျောက်ချပ်တို့ ဖြစ်ကြောင်း ဒေသအတွင်းက စစ်ရေးရင်းမြစ်သတင်းများအရ သိ၇သည်။

“ အခု အေအေက တောလမ်းအတိုင်းဝင်ရောက်လာမှာကို စိုးရိမ်ပြီး လမ်းကြောင်း တစ်လျှောက် စစ်တပ်အင်အားတိုးထားတာကို တွေ့ရတယ်။ဆားချက်ကြီး၊ ဆားချက်လေး၊ ကျောင်းတောင်တို့ ဆိုတာ ဆပ်သွားရွာရဲ့ အရှေ့ဘက် ရိုးမ ခြေရင်းမှာတည်ရှိတဲ့ရွာတွေ၊ အဲဒီကနေ အရင်ကားလမ်း မပေါက်ခင်က ဂွထိ သွားလို့ ရတဲ့ တောလမ်းရှိတယ်။ ဒီလမ်းကိုသူတို့ စစ်တပ်က ပိတ်ဖို့ကြိုးစားတာ”ဟု ပြောဆိုသည်။ 

လက်ရှိတွင် တိုင်ကြိုးကျေးရွာတွင် စစ်ကောင်စီနှင့် အေအေတို့ နှစ်ဘက်ထိပ်တိုက် ရင်ဆိုင်ထားပြီး ယနေ့နံနက်ထိတိုက်ပွဲဖြစ်ပွားခြင်း မရှိသေးကြောင်း သိ၇သည်။

“အေအေက ကြွေချိုင်ကိုရသွားပါပြီ။ စစ်တပ်က အဲဒီကနေ နောက်ဆုတ်ပြီး တိုင်ကြိုးရွာ တောင်ဘက် ပုဂံဘုးရားတောင်အနီးမှာကင်းပုန်းဝပ်နေတယ်လို့ သိရတယ်။ ဂျိုင်ကောက်ကို မရောက်ခင်ပေါ့။ အေအေကတော့ တိုင်ကျိုးမြောက်ဘက်မှာ ရှိနေတယ်လို့ သိရတယ်။ အခု နေဗီကကနေ လက်နက်ကြီးနဲ့ ပစ်နေတာက သရက်တောင်လို့လည်းခေါ်တယ်။ ဂျပန်ကုန်း နေရာကို လက်နက်ကြီးနဲ့ ဒီနေ့ မနက်ကနေ အဆက်မပြတ် ပစ်ခတ်နေတယ်။ အဲဒီနားမှာအဘယမုဒြာ ဘုရားကြီး တစ်ဆူရှိတယ်။ မနက်ကနေ ပစ်နေတာ ၁၅ လုံး ရှိနေပြီ “ဟု ပြောသည်။

လက်ရှိ အမြောက်ဖြင့် ပစ်ခတ်နေသည့် နေဗီမှာ ယခင်နေဗီများထက်အရွယ်အစားကြီးမားပြီး ဂွချိုင်ဟု ခေါ်သည့် တင်းတောချိုင် ပင်လယ်ပြင်မှ နေ၍ ပစ်ခတ်နေသည်ဟုဆိုသည်။

စစ်ရေးလေ့လာ စောင့်ကြည့်နေသူ တစ်ဦးက “ လက်ရှိ တိုက်ပွဲအနေအထားအရအေအေက စိတ်ဓာတ်ပိုင်းရသာတယ်။ တိုက်ရည် ခိုက်ရည်လည်း ကောင်းတယ်။ စစ်တပ်က ကျတော့ စစ်သားတွေတိုက်လို ခိုက်လိုစိတ် မရှိဘူး ဖြစ်နေတယ်။ တိုက်ပွဲ ဖြစ်ရင် ထွက်ပြေးတာ၊ နောက်ဆုတ်တာတွေများနေတယ်။ဒါပေမယ့် ဂွမြို့ဘက်ကို နီးကပ်လာလေလေ နယ်မြေပထဝီအနေအထားက ကျဉ်းလာတော့ စစ်တပ်က အင်အားအများအပြားနဲ့ တားဆီးပြီး ခုခံဖို့လုပ်နေတယ်။ ပီးရင်း သူတို့(စစ်တပ်) မှာ လေတပ်ရော၊ ရေတပ်ပါ ဝင်တိုက်တယ်။ ဂွတိုက်ပွဲက ဘယ်လို ဆက်ဖြစ်လာမလဲဆိုတာမပြောနိုင်သေးဘူး” ဟု နိရဉ္စရာကို ပြောသည်

သို့သော်လည်း စစ်ကောင်စီ စစ်သားများမှာ အေအေနှင့် တိုက်ရမည်ကို စိုးရိမ်ထိတ်လန့်နေပြီးစိတ်ဓာတ်ပျက်ပြားနေသဖြင့် တစ်ပတ်အတွင်းတွင် ကျေးရွာအများအပြားကို တစ်ခုပြီး တစ်ခု လက်လွှတ်ကာဂွမြို့ဘက်သို့ ဆုတ်ခွာလာခဲ့ကြရသည်ဟု သိ၇သည်။ ( သတင်းပေးပို့ CJ)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.