နှင်းနွယ်နီ
နိရဥ္စရာ၊ အောက်တိုဘာ ၂၉/၂၀၂၄
အနောက်ပိုင်းစစ်ဌာနချုပ်တည်ရှိသည့်ရခိုင်ပြည်၊ အမ်းမြို့နယ်၊ တပ်တောင်မြို့တွင် ယမန်နေ့က ဆယ်ကျော်သက်အရွယ်လူငယ်တစ်ဦး မြေမြှုပ်မိုင်းနင်းမိ၍ ခြေထောက်တစ်ဖက် ပြတ်ထွက်သွားကြောင်း သိ၇သည်။
မိုင်းနင်းမိ၍ခြေတစ်ဖက် ပြတ်ထွက်သွားသူမှာ တပ်တောင်မြို့၊ အမှတ်(၂) ရပ်ကွက်နေဦးတင်မင်းထွန်း၏သား မောင်ရဲထွန်း(၁၂)နှစ်ဖြစ်သည်။
မောင်ရဲထွန်းသည်ယမန်နေ့ အောက်တိုဘာ ၂၈ ရက်၊ နံနက် ၁၀ နာရီခန့်က သူငယ်ချင်းတစ်ဦးနှင့်အတူ ယခင်ကစစ်ကောင်စီတပ်ဖွဲ့ဝင်များ အခြေချနေထိုင်ခဲ့သည့် တောင်ကုန်းပေါ်သို့ ငါးမျှားတံ(ရခိုင်အခေါ် ကိုင်းတံ)ခုတ်ရန်သွားရောက်ရာမှ မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်ဟု APMသတင်းတွင် ဖော်ပြထားသည်။
ထို့ကြောင့်မောင်ရဲထွန်းတွင် ဘယ်ဘက်ခြေထောက် ပြတ်ထွက်သွားပြီး ညာဘက်ခြေထောက်တွင်လည်း ဒဏ်ရာအပြင်းအထန် ရရှိသွားသည်ဟု သိ၇သည်။
လက်ရှိတွင်ဒဏ်ရာများကြောင့် ဆေးကုသမှုခံယူနေ၇သည်ဟု ဆိုသည်။
အသေးစိတ်ကိုသိရှိနိုင်ရန် တပ်တောင်မြို့ကို နိရဥ္စရာက ဆက်သွယ်ခဲ့သော်လည်း ဖုန်းလိုင်းပြတ်တောက်နေ၍ အဆက်အသွယ်မ၇ခဲ့ပါ။
ရခိုင်တွင်စစ်ကောင်စီက သူတို့တပ်စွဲခဲ့သော နေရာများနှင့် တောတောင်များ၊ လယ်ကွင်းများနှင့်တာဘောင်များတွင် မြေမြှုပ်မိုင်းထောင်ထားခြင်းများ ပြုလုပ်ခဲ့သည့်အတွက် ပြည်သူများမကြာမကြာဆိုသလို မိုင်းနင်းမိခြင်းများ ရှိနေသည်။
ပြီးခဲ့သည့်စက်တင်ဘာ ၂၇ ရက်ကလည်း ကျောက်ဖြူမြို့နယ်၊ အုန်းတောရွာမှကိုမောင်မောင်ချေ(၂၅)နှစ်သည် ရွာအနီးတောင်တွင် ဟင်းရှာသွားစဥ် မိုင်းနင်းမိ၍သေဆုံးသွားခဲ့သေးသည်။
ဓာတ်ပုံ - APM