(ဒေသခံတွေကိုယ်တိုင်မြင်နေ၍ အထိတ်တလန့်ဖြစ်နေကြ၇ဟုဆို)
နိရဉ္စရာ၊ အောက်တိုဘာ ၃၀/၂၀၂၄
စစ်ကောင်စီတပ်စွဲထားသည့် ဂွမြို့နယ် မြောက်ပိုင်းရှိကျေးရွာများတွင်ဈေးဆိုင်များ၊ နေအိမ်များကို စစ်သားများက မည်သူ့ကိုမှ ဂရုမစိုက်ဘဲ ဖောက်ယူနေကြသည်ဟုဒေသခံများက ပြောကြားသည်။
“ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး။ပေါ်တင်ယူတာ။ ညလည်းဖောက်တယ်။ နေ့လည်း ဖောက်တယ်။ အရင်က ကုလားပြင်ရွာမှာ စစ်သားတွေ အိမ်ဖောက်တယ်ဆိုတာပြည်သူတွေ မယုံကြဘူး။ အခု ဆပ်သွားမှာ ဖောက်တာလက်တွေ့မို့ ဒေသခံ ပြည်သူတွေအကြားမှာ စိုးရိမ်ထိတ်လန့်နေကြပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိ ဈေးဆိုင်နှင့် အိမ်များကို စစ်သားများ ဖောက်ယူမှုခံနေရသည့်ကျေးရွာများမှာ လက်ရှိ အချိန်ထိ စစ်တပ် တပ်စွဲထားသည့် ဂျိုင်ကောက်နှင့် ဆပ်သွားကျေးရွာတို့ဖြစ်ကြောင်းသိ၇သည်။
“ဆပ်သွားမှာ အဖောက်ခံရတာကဦးသိန်းမောင် စားသောက်ဆိုင်၊ နွေမိုးဆောင်း စားသောက်ဆိုင်၊ နီနီလေးစတိုး၊ အေးကျော်ကုန်မာဆိုင်၊ သန်းထွဋ်ကုန်မာဆိုင်တို့ ဖြစ်ကြပါတယ်။ နောက်ထပ်လည်းရှိပါအုံးမယ်။ ဒီအိမ်တွေကိုအရပ်သားတွေကိုယ်တိုင် မြင်တာ” ဟု၎င်းက ပြောသည်။
အလားတူ ဂျိုင်ကောက်ကျေးရွာတွင်လည်း ဦးအောင်နိုင်ဦး နေအိမ်၊ ဦးကံဦးအိမ်၊ဦးထင်ပေါ်စားသောက်ဆိုင်၊ ဖြိုးသီဟ အိမ်ဆိုင်၊ ကျော့ပိုက်သူကြီး ဦးမျိုးလွင် အိမ်၊ ဦးထွန်းနောင်အိမ်တို့ဖြစ်ကြသည်ဟု ၎င်းက ပြောကြားသည်။
၎င်းနေအိမ်များ တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေကြရသည့်ပြည်သူများ၏ ဈေးဆိုင်နှင့် နေအိမ်များဖြစ်ကြပြီးကျေးရွာအတွင်း တပ်စွဲထားသည့် စစ်သားများက ဖောက်ယူနေခြင်း ဖြစ်ကြောင်း သိ၇သည်။
ဂွမြို့နယ်အတွင်းရှိ ကျေးရွာများသည် ယခင်က တိုက်ပွဲများနှင်ကြုံတွေ့ဖူးသည့် ကျေးရွာများ မဟုတ်ကြသလို စစ်ကောင်စီတပ်က ဈေးဆိုင်များ နေအိမ်များကိုဖောက်ထွင်းခြင်း၊ မော်တော်ဆိုင်ကယ်များကို သိမ်းယူခြင်း၊ အိမ်ရှိ လက်ဝတ်လက်စားများကအဖိုးတန် ပစ္စည်းများကို မတရားသဖြင် ယူဆောင်သွားမှုများရှိသည်ဟု သတင်းများအပေါ် တွင် ယုံကြည်ကြခြင်း မရှိဟု ဆိုသည်။
ယခုလက်တွေ့မြင်ရမှ စစ်ကောင်စီတပ်၏ လူမဆံသော လုပ်ရပ်များကိုမြင်တွေ့ကြ၇သဖြင့် အထူး ထိတ်လန့်နေကြသည်ဟုလည်း ဒေသခံများက ပြောဆိုသည်။ (သတင်းပေးပို့-CJ)