မင်းသျှင်စော၊ နိရဉ္စရာ၊ အောက်တိုဘာ ၃၀/၂၀၂၃
အမ်းမြို့ အခြေစိုက် ခမ၇ (၃၇၃)တပ်ရင်းမှူး နိုင်ဇော်အောင်နှင့် စစ်ဗျူဟာကို ကိုင်ထားသည့် G1 အရာရှိကြီးနှစ်ဦးသည် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့် တိုက်ပွဲအတွင်းရရှိခဲ့သည့် ဒဏ်ရာမျာူဖြင့်အမ်းမြို့ အထက (၂)တွင် ဖွင့်လှစ်ထားသည့် ယာယီစစ်ဆေးရုံတွင် အောက်တိုဘာ ၂၆ ရက်နေ့ကသေဆုံး သွားခဲ့သည်ဟု စစ်ရေးသတင်းရင်း မြစ်အရ သိ၇သည်။
အမ်းအခြေစိုက် ခမ၇၃၇၃ ကို အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဘက်က အကျအဆုံးများဖြင့် နောက်ဆုတ်သွားစဉ် စရဖတပ်၏ အနီးတွင် အေအေက ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲခဲ့ပြီး ခမ၇ (၃၇၃) တပ်ရင်းမှူး ဗိုလ်မှူး နိုင်ဇော်အောင်နှင့် စစ်ရေးဗျူဟာ ကိုင်ထားသောG1 တို့ ဒဏ်ရာ ပြင်းထန် ရရှိသွားခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
"AA မှထိုးစစ်ဆင်တိုက်နေချိန်တိုက်ပွဲကလည်း တအားပြင်းတယ်။ စစ်ကောင်စီကလည်း ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတယ်။ နပခမှ လက်နက်ကြီးပစ်ကူပေးတယ်။ အေအေကလည်း လက်နက်ကြီး ပစ်တယ်။ ဘယ်ကပစ်မှန်းမသိတော့ဘူး။ ဆူညံနေတာဘဲ။ AA က ထိုးစစ်ဆင်ပြီးစစ်ရှိန်မြင့်ကာ ပထမ အသုတ်အနေနဲ့ စရဖ တပ်ရဲ့ အလွန်ကစစ်ကူပေးနေတဲ့ စရဖတပ်ဘက်ကို နောက်ဆုတ်လာရာမှာ AAဖက်မှအသင့်စောင့်နေပုံရပါတယ်။ လက်နက်ကြီး ပစ်လိုက်တာအဲဒီနေရာ အနီးအနားကျပြီး သူတို့နှစ်ဦးက ဒဏ်ရာ ပြင်းတယ်။ တပ်ဖွဲ့ဝင် အချို့သေကြတယ်"ဟု သူကဆိုသည်။
လက်နက်ကြီး ပေါက်ကွဲ၍ ခမ၇၃၇၃ တပ်ရင်းမှူးနိုင်ဇော်အောင်တွင် ခြေပြတ်သွားပြီး ၊ G1တွင်ဉီးခေါင်းတွင် ထိခိုက်ကာ သူတို့ ၂ ဦးစလုံး၏ ခန္ဓာကိုယ်အနှံ့တွင်လည်း ပြင်းထန်ဒဏ်ရာများ ရရှိသွားခဲ့သည်ဟုဆိုသည်။
၎င်းနောက် သူတို့ ၂ ဦးအား အမ်းမြို့ အထက (၂) တွင် ဖွင့်လှစ်ထားသည့်ယာယီ စစ်ဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး ၎င်းဆေးရုံတွင်ပင် ဒဏ်ရာများဖြင့် အောက်တိုဘာ၂၆ ရက်နေ့တွင် သေဆုံးသွားခဲ့ပြီး အဆိုပါနေ့ နေဝင်စအချိန်တွင် မြို့သစ် သင်းချိုင်း၌ မြေမြုပ် သင်္ဂြိုလ်လိုက်သည်ဟုသိ၇သည်။
ခေတ်သစ်မီဒီယာတွင် ဗိုလ်မှူးနိုင်ဇော်အောင်သည် တိုက်ပွဲအတွင်းအစာငတ်ပြတ်ပြီးသေဆုံးသွားကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်ကို ကိုးကားပြီး သတင်းဖော်ပြသည်။
အောက်တိုဘာလ၂၇ ရက်နေ့ ညနေပိုင်းတွင်ဗိုလ်မှူးနိုင်ဇော်အောင် သည် အမ်းမြို့နယ်အတွင်းရှိ တောတွင်း တစ်နေရာတွင်စားနပ်ရိက္ခာပြတ်တောက်ပြီး အစာအိမ်သွေးကြောပေါက်ကာ သေဆုံးသွားခဲ့သည်ဟုရန်ကုန်ရှိ ကျန်ရစ်သူမိသားစုထံ စစ်ကောင်စီ စစ်ရုံးက တရားဝင် အသိပေးအကြောင်းကြားထားကြောင်း ဖော်ပြထားသည်။
ဗိုလ်မှူးနိုင်ဇော်အောင်သည်စစ်အာဏာ သိမ်းခါစ ၂၀၂၁ ခုနှစ်တွင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ကျောက်မြောင်းမြို့ အခြေစိုက် ခမ၇ ၁၂ တပ်ရင်းမှ ဒုတပ်ရင်းမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ကာ ရှေ့တန်းမှာရရှိခဲ့သည့်ဒဏ်ရာကြောင့် နေပြည်တော်တွင် ဆေးကုသခံယူခဲ့ရသူဖြစ်ကြောင်း၊ ယင်းနောက်ရခိုင်ပြည်နယ် အမ်းစစ်ဌာနချုပ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့၇သူ ဖြစ်ကြောင်း ဖော်ပြထားသည်။