(ကမ်းသာယာတွင် အမြောက်ကြီးများတပ်ဆင်ကာ ပစ်ခတ်မှုများပြုလုပ်)
နိရဉ္စရာ၊ အောက်တိုဘာ ၃၀/၂၀၂၄
ဂွမြို့နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သည် အာရက္ခတပ်တော် ( AA)၏ ထိုးစစ်ကို တောင့်မခံနိုင်ဘဲ ဆက်လက်ပြီး ခံစစ်စခန်းများကနေ ဂွမြို့ဘက်သို့ ဆုတ်ခွာနေရသည်ဟု သတင်းရရှိသည်။
လက်ရှိ ဇီးကုန်းကျေးရွာ ရဲသီဟဘုန်းတော်ကြီးကျောင်းဝင်းအတွင်း တပ်စွဲထားသည့် အမြောက်တပ်သည် ဂွမြို့မှ မိုင် ၂၃ မိုင်ခန့်အကွာကမ်းသာယာသို့၎င်း၊ ဂျိုင်ကောက်တွင် အေအေနှင့်ရင်ဆိုင်တိုက်ပွဲဖြစ်နေသည့် စစ်ကောင်စီတပ်သည် ဆပ်သွားသို့၎င်း နောက်ဆုတ်သွားပြီဟု သိရသည်။
ဒေသခံ တစ်ဦးဖြစ်သူ Lemon အမည်လွှဲက “ အခု ဇီးကုန်းကနေ ကမ်းသာယာကို ဆုတ်လာတဲ့ တပ်ထဲမှာ ဗျူဟာမှူးနဲ့ ဗိုလ်မှူးအဆင့်တွေလည်း ပါလာပါတယ်။ ဒဏ်ရာရတဲ့လူလည်းပါလာပါတယ်။ သူတို့က ဒီနေ့ မနက် ၇ နာ ရီလောက်မှာ ကားတွေနဲ့လာပြီး နေရာလာချပါတယ်။ ပြီးရင် လက်နက်ကြီးစပစ်ပါတယ်” လို့ ပြောပါတယ်။
လက်ရှိ စစ်တပ်ကို ကမ်းသာယာ လာဘ်ဖြိုးစံ စားသောက်ဆိုင်နားနှင့် အနီးအနားရှိ ဘန်ဂလိုများတွင် နေရာချထားပြီး ကျေးရွာများ အဝင်အထွက်များကိုလည်း ပိတ်ထားသည်ဟု သိရှိရသည်။
နောက်ထပ် ဒေသခံ တစ်ဦးကလည်း “စစ်သားတွေ တပ်ဆုတ်လာတာမှန်ပါတယ်။ အခု စစ်တပ်က ကမ်းသာယာက စိုသန်းပိုင်တာရယ်၊ ဦးညွှန့်တင်ပိုင်တာရယ်၊ လာဘ်ဖြိုးစံ ဘန်ဂလိုတွေမှာ ဝင်ရောက်နေရာယူထားတာကို တွေ့ရပါတယ်။ စစ်သား ၅၀ လောက်ရှိပါမယ်။ ဒီအတိုင်းဆို တိုက်ပွဲ ကမ်းသာယာထိ ဖြစ်လာတော့မယ့် အနေအထားပါ” ဟု နိရဉ္စရာသို့ ပြောဆိုသည်။
လက်ရှိနေ့လယ် ၁၂ နာရီထိ အမြောက်များဖြင့် ပစ်ခတ်နေသည်ဟု
သိရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်သည် ကြွေချိုင်၊ တိုင်ကြိုး၊ ဂျိုင်ကောက်ကျေးရွာတို့မှ ဆုတ်ခွာသွားခဲ့ပြီးနောက် ဆပ်သွားဆေးရုံဝင်းအတွင်း ဆက်လက်တပ်စွဲထားပြီး ဆက်လက် တပ်ဆုတ်နိုင်သည့် အခြေအနေရှိနေသည်ဟု သိရသည်။
ပုံစာ- ပုံဟောင်း(လာဘ်ဖြိုးစံအနီးမှ ကမ်းခြေ)