Preview

အမ်းမြို့တွင်လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ၍ ကျောင်းသားတစ်ဦး၊ ကျောင်းဆရာမ အပါအဝင် အရပ်သား ၁၀ ကျော်သေဆုံး၊ ၂၀ ကျော် ဒဏ်ရာရ

အောက်တိုဘာ ၃၀/ ၂၀၂၄ | ကြည့်ရှုသူ :1910
ရခိုင် သတင်း

(ဆေးကုသခွင့်မရသည့်အတွက် နောက်ထပ်သေဆုံးသူများရှိနေ)

သဉ္ဇာနွယ်၊နိရဉ္စရာ၊ အောက်တိုဘာ ၃၀/ ၂၀၂၄

ရခိုင်ပြည်၊ အမ်းမြို့တွင် စစ်ကောင်စီတပ်ရင်းများကပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်ထိမှန်ပေါက်ကွဲ၍လူ ၁၀ ကျော်သေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိသွားကြောင်းသတင်းရရှိသည်။

အမ်းမြို့၊ လေယာဉ်ကွင်းရပ်ကွက်မှ အသက်(၁၆)နှစ်အရွယ် တက္ကသိုလ် ဝင်တန်း အောင်မြင်ပြီးသူကိုမောင်မောင်၊ ကျောင်းဆရာမ ဒေါ်တင်တင်၊ ဦးဝင်းညိုတို့ သားအဖနှစ်ဦးအပါဝင် ၁၀ကျော်သေဆုံးသွားသည်ဟု နိရဉ္စရာက ကနဦးစုံစမ်းချက်အရ သိရှိ၇သည်။

အမ်းမြို့တွင် ယမန်နေ့၊ အောက်တိုဘာ ၂၉ ရက်၊ နေ့လယ် ၂နာရီခွဲခန့်က စစ်ကောင်စီ တပ်ရင်းများက လက်နက်ကြီးကျည်ပစ်ခတ်ခဲ့၍ကျည်နှစ်လုံးကျရောက်ပေါက်ကွဲကာ ယခုကဲ့သို့ အစုလိုက်အပြုံလိုက်သေဆုံးကာထိခိုက်ဒဏ်ရာရရှိသွားသည်ဟု အမ်းမြို့ဒေသခံအမျိုးသမီးတစ်ဦးကနိရဉ္စရာ ကိုပြောသည်။

"မနေ့ကညနေ ၂ နာခွဲလောက်မှာ စစ်တပ်က ပစ်လို့ ထိသွားတာ။ ကလေးတွေရော၊လူကြီးတွေရောပါတယ်။ ခြေထောက်ပြတ်သူကပြတ်၊ခါးပြတ်သူကပြတ် သေသွားကြတာ။ လူပေါင်း ၂၀ ထက်မနည်းဘူး။ ကျောင်းသားလေးနဲ့ဆရာမဆိုရင်ခြေထောက်နှစ်ဖက်လုံး ပြတ်သွားပြီးသွေးထွက်လွန်လို့ ဆုံးသွားတာ"ဟု ပြောသည်။

ယမန်နေ့ကလက်နက်ကြီးများသည် အမ်းမြို့ပေါ်လေယာဉ်ကွင်းရပ်ကွက်ထဲတွင်တစ်လုံး၊ ချောင်းကမ်းစပ်နားတွင်တစ်လုံးကျရောက်ပေါက်ကွဲခြင်းဖြစ်ပြီး ထိခိုက်သေဆုံးသူများတွင်စစ်ရှောင်များလည်း ပါဝင်သည်ဟု ဒေသခံများက ပြောသည်။

"အမ်းမြောက်ဖက်ကနေ မြို့ပေါ်ကို စစ်ရှောင်လာကြတဲ့အချိန်၊ချောင်းကမ်းစပ်မှာ ရှိနေတဲ့အချိန်မှာလက်နက်ကြီးကျည်ကျလာလို့ အထုပ်အပိုးတွေနဲ့လူတွေ မနည်းထိခိုက်သေဆုံးသွားရတယ်"ဟုပြောသည်။

ထိခိုက်ဒဏ်ရာရရှိသူများကို အမ်းမြို့ပြည်သူ့ဆေးရုံကြီးတွင်ဆေးကုသမှုမပေးနိုင်ဘဲ မကွေးတိုင်းဒေသကြီးသို့စေလွှတ်ခဲ့ရသည်ဟု မြို့ခံအမျိုးသမီးတစ်ဦးက နိရဉ္စရာကိုပြောသည်။

"ဒဏ်ရာရတဲ့သူတွေကို ဆေးကုပေးမယ့်သူမရှိဘူး။ ဆရာဝန်ကြီးကလက်မခံဘူး။ လူများလို့လား၊ ဘာကြောင့်လဲမသိ။မကွေးကိုသွားလို့လွှတ်တယ်။ လမ်းပိတ်ထားတာ ဘယ်လိုသွားလို့ရမှာလဲ။အချိန်မီမကုသနိုင်လို့ ဒဏ်ရာရတာကနေသေသွားတဲ့သူတွေရှိတယ်"ဟု ပြောသည်။

ယနေ့အောက်တိုဘာ ၃၀ ရက်၊ နံနက်ပိုင်းကလည်း မြို့သစ်ရပ်ကွက် အမှတ် (၄)ရပ်ကွက်ထဲသို့လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့၍ ထိခိုက်ဒဏ်ရာရရှိသူများရှိနေကြောင်းမြို့ခံများက ပြောသည်။

ထိခိုက်ဒဏ်ရာရရှိသူများ၏အမည်နှင့်အသေးစိတ်ကို ဖုန်းလိုင်းအခက်အခဲကြောင့် နိရဉ္စရာက တင်ပြနိုင်ခြင်း မရှိသေးပါ။

 

ဓာတ်ပုံ- ပုံဟောင်း

#အမ်းမြို့
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.