လူထက်နိုင်(ဒွါရာမြီ)၊ နိရဉ္စရာ၊ အောက်တိုဘာ ၃၀ / ၂၀၂၄
မကွေးတိုင်း၊မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် အမ်းမြို့သို့ ရိက္ခာပို့ပြီး ပြန်လာသောစစ်ယာဉ်တန်းကို တိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးသွားကြောင်းအရှိုချင်းကာကွယ်ရေးတပ် (ACDF)ကထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ဒဏ်ရာ၇သွားသည်ဟုလည်း ACDF ၏ ယနေ့ အောက်တိုဘာလ ၃၀ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“မင်းဘူးခရိုင်၊ငဖဲမြို့နယ်၊ အမ်း-ပဒါန်း လမ်းပိုင်တွင် အမ်းမြို့နယ်ဘက်မှ ရိက္ခာပို့ပြီးပြန်လာသော စစ်ကောင်စီကား(၂)စီး၊ ဆိုင်ကယ် (၂)စီးပါ ယာဉ်တန်းအား အောက်တိုဘာလ ၂၈ရက်နေ့၊ နေ့လယ် (၁၂)နာရီအချိန်ခန့်တွင် အရှိုချင်းကာကွယ်ရေးတပ် (ACDF)နှင့် မင်းဘူးခရိုင်အမှတ်(၂)တပ်ရင်းမဟာမိတ်တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့သည်”ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ACDF ပူးပေါင်းအဖွဲ့ဘက်မှရဲဘော်အားလုံး အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
စစ်ကောင်စီတပ်များကရခိုင်ပြည်၊ အမ်းမြို့ဘက်သို့ စစ်အင်အားဖြည့်တင်းရန်နှင့် ရိက္ခာပေးပို့ရန်မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်းမှ သွားလာလျက်ရှိကြောင်းဒေသခံများထံမှ သိ၇သည်။
အမ်း-ပဒါန်းလမ်းပိုင်းတွင် အာရက္ခတပ်တော်(AA)နှင့်တော်လှန်ရေးအဖွဲ့များက စစ်ကောင်စီတပ်များအားမကြာခဏတိုက်ခိုက်လျက်ရှိကြောင်းသိ၇သည်။
ပြီးခဲ့သည့်အောက်တိုဘာ ၁၆ ရက်ကလည်း အမ်း-ပဒါန်းလမ်း၊ အမ်းမြို့အရှေ့မြောက်ဘက် မီတာ ၄၀၀၀ခန့်အကွာတွင် ယာဉ်တစ်စီးအား AA ကပစ်ခတ်ခဲ့သည့်အတွက် အမျိုးသားလေးဦးနှင့် အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာ၇ခဲ့ကြောင်းစစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။
ထို့ပြင်ပစ်ခတ်မှုဖြစ်စဉ်နှင့် မီတာ ၂၀၀ ခန့်အကွာ၌လည်း မော်တော်ယာဉ် ၁၀ စီးအား AA က ရပ်တန့်စေကာ အမျိုးသား၂၄ ဦးနှင့် အမျိုးသမီး ၁၄ ဦးကို ဖမ်းဆီးသွားခဲ့ကြောင်းလည်း စစ်ကောင်စီ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင်အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ)ကိုအပြီးသတ်သိမ်းပိုက်နိုင်ရန် AA ကအပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ တပ်ရင်းဌာနချုပ်အချို့ကိုသိမ်းပိုက်ထားနိုင်ပြီဖြစ်သည်။
စစ်ကောင်စီဘက်ကလည်းနပခအပါအဝင် လေကြောင်းတို့မှ အပြင်းအထန်ခုခံလျက်ရှိသည်ဟု သိ၇သည်။
ဓာတ်ပုံ - ACDF