- Web Master
- ၁၇ အောက်တိုဘာ ၂၀၂၄
မင်းသျှင်စော၊ နိရဉ္စရာ၊ အောက်တိုဘာ ၃၀/၂၀၂၄
တိုက်ပွဲပြင်းထန်နေသည့် အမ်းမြို့တွင် အောက်တိုဘာ ၂၈ ရက်နေ့ ညနေက စစ်ကောင်စီရဟတ်ယာဉ် တစ်စင်း ပစ်ချခံရပြီး အဆိုပါ ရဟတ်ယာဉ်တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းနှင့် စစ်ဘက်ဆိုင်ရာ အရာရှိကြီးများ လိုက်ပါသွားသည်ဟု သတင်းများ ထွက်ပေါ်နေသည်။
၎င်းရဟတ်ယာဉ်မှာ Mi 17 အမျိုးအစားဖြစ်ပြီး အောက်တိုဘာ ၂၈ ရက်နေ့ညနေ ၃နာရီ ၄၀ မိနစ်ခန့်တွင် အမ်းလေယာဉ်ကွင်းမှ ပျံတက်စဉ် ပစ်ချခံလိုက်ရပြီး မီးလောင်သွားခဲ့သည်ဟု စစ်ရေး စောင့်ကြည့်နေသူ မျက်မြင်သတင်းရင်းမြစ်တစ်ခုက နိရဉ္စရာကို ပြောကြားသည်။
“ ဒုတိုင်းမှူးနဲ့ အရာရှိအချို့လိုက်ပါသွားတဲ့ စစ်ရဟတ်ယဉ်ကို AA မှပစ်ခဲ့တယ်။ ရဟတ်ယာဉ်က မီးလောင်သွားခဲ့တယ်။ လေယာဉ်က အမ်းကနေ ပြန်အတက်မှာ ပစ်ချခံရတယ်။ ဒုတိုင်းမှူး သောင်းထွန်းနဲ့ အရာရှိ ခုနှစ်ဦး လိုက်ပါသွားခဲ့တယ်လို့ သိရတယ်” ဟု ၎င်းသတင်းရင်းမြစ်က ပြောသည်။
အဆိုပါနေ့က ရဟတ်ယာဉ် သုံးစင်း အမ်းလေယာဉ်ကွင်းသို့ MI 35P တိုက်ခိုက်ရေးလေယာဉ် အစောင့်အကြပ်ဖြင့် ဆင်းသက်ခဲ့ပြီး ပြန်အတက်တွင် ပစ်ချခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
" ရဟတ်ယာဉ်က ပထမ ၂ စီး လေယာဉ်ကွင်းမှာ ကျပြီးပြီ။ ဝေဟင်ကနေ လုံခြုံရေး တိုက်ခိုက်ရေး ရဟတ်ယာဉ်က အပေါ်မှာဝဲနေတယ်။ MI 35P တိုက်ခိုက်ရေးလေယာဉ်က အပေါ်မှာဝဲနေရာမှ ပျံသွားတယ်။ ခဏနေတော့ ဒုတိုင်းမှူးပါတဲ့ လေယာဉ်က ထပျံတယ်။ တောင်တန်းနဲ့ တည့်တည့် အရောက်မှာပစ်ချခံရတာပါ။ တောင်တန်းကို မီးခိုးထွက်ပြီးကျသွားတယ်"ဟုသူကဆိုသည်။
အဆိုပါ အောက်တိုဘာ၂၈ရက် နံနက်အစောပိုင်းက ဂျက်ဖိုက်တာဖြင့် လေယာဉ်ကွင်း အနီးအနားရှိ တောင်တန်းများကို ဗုံးအလုံး ၁၀ ကျော်ချပြီး ရှင်းလင်းရေးပြုလုပ်ခဲ့ကြောင်း၊ နေ့လယ်ဖက်တွင် စစ်လက်နက်ပစ္စည်း၊ ရိက္ခာများအပါအဝင် စစ်ကူ တပ်ဖွဲ့ဝင်အင်အားအများအပြားကို လာပို့ခဲ့သည်ဟု ဆိုသည်။
(၃) ကြိမ်မြောက် လာပို့ပြီး အပြန်တွင် ဒုတိုင်းမှူးနှင့် စစ်ဖက်ဆိုင်ရာအရေးပါသည့် အရာရှိအချို့ကို ယူဆောင်စဉ် ယခုလိုAA က အငိုက်ဖမ်းတိုက်ခိုက်လိုက်ခြင်းဖြစ်သည်ဟု ပြောသည်။
ယခုရဟတ်ယာဉ်ပစ်ချခံရခြင်းနှင့် ပတ်သက်ပြီး အာရက္ခတပ်တော် (AA) မှ သတင်းထုတ်ပြန်ထားခြင်း တစ်စုံတစ်ရာ မရှိသေးသလို AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခအား ဆက်သွယ် မေးမြန်းနေဆဲဖြစ်ပါသည်။
နပခဌာနချုပ် အမ်းတွင် နှစ်ဖက်မြို့တွင်းတိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီတပ်သားများ ထွက်ပြေးမှုလည်း များပြားနေသလို AA ထံလက်နက်ချသူများလည်း ရှိနေကြောင်း သိရသည်။
၎င်းပြင် စစ်ကောင်စီသည် အမ်းမြို့ပတ်ဝန်းကျင်နှင့် တိုက်ပွဲဖြစ်ပွားလျှက်ရှိသော နေရာများကို ယခင်ကထက် ဗုံးပိုမို ကြဲချလျှက်ရှိနေသည်ဟု သိရသည်။ (ဓာတ်ပုံ- ပုံဟောင်းသာ)