ကြာသပတေး၊ အောက်တိုဘာလ ၃၁ရက်၊ ၂၀၂၄

ရခိုင်တွင် နို့တိုက်မိခင်များ အာဟာရပြတ်လပ်နေ၍ ကလေးများအားလည်း နို့ချို လုံလောက်စွာမတိုက်ကျွေးနိုင်ဖြစ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 107

စောရှင်မေ၊ နိရဉ္စရာ၊ အောက်တိုဘာ ၃၀/၂၀၂၄

ရခိုင်တွင် စစ်ဘေးရှောင်များအပါအဝင် နို့တိုက်မိခင်များတွင် အာဟာရပြတ်လပ်နေ၍ ကလေးများအား နို့ချိုလုံလောက်စွာမတိုက်ကျွေးနိုင်ဖြစ်နေကြောင်းသိရသည်။

ရခိုင်ရှိ နို့တိုက်မိခင်များအနေဖြင့် တိုက်ပွဲကာလအတွင်း အစာအာဟာပြည့်ဝစွာ မစားသောက်နိုင်ခြင်းတို့နှင့် ကြုံတွေ့နေကြရပြီး ကလေးများကိုလည်း နို့မှုန့်နှင့် အာဟာရမှုန့်ထုပ်များ မတိုက်ကျွေးနိုင်ခြင်း၊ အားဆေးများ လုံလောက်စွာ မတိုက်ကျွေးနိုင်ခြင်းစသည်တို့ဖြစ်ပေါ်နေသည်ဟု သိရသည်။

သံတွဲမြို့နယ်ရှိ နို့တိုက်မိခင်များအရေး ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက "နို့တိုက်ဖို့အတွက် ဘယ်လောက်ထိအခက်အခဲရှိလဲဆိုရင် အာဟာရဓာတ်မရှိလို့ အားနည်းတဲ့အတွက် နို့တိုက်ချင်လို့ နို့မထွက်ကြတဲ့သူတွေရှိတယ်။ ဒီလိုသာ တာရှည်မယ်ဆိုရင် အာဟာရ ပြတ်လပ်ပြီး ကျန်းမာရေးချို့တဲ့လာနိုင်တယ်" ဟု ပြောသည်။

သံတွဲမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းအသီးသီးတွင် ထိုသို့ အခက်အခဲဖြစ်နေကြသည့် နို့တိုက်မိခင်ဦးရေ ၁၀၀ ကျော်ခန့်ရှိနေကြောင်း သိရသည်။




စစ်ဘေးရှောင်မဟုတ်သော်လည်း ယခုကဲ့သို့အခက်အခဲကြုံနေရသည့် နယ်ခံနို့တိုက် မိခင်ဦးရေစာရင်းကိုမူ မသိနိုင်ဟု ဆိုသည်။

ထို့အတူ ယခုတော်လှန်ရေးကာလအတွင်း အလုပ်အကိုင်အဆင်မပြေ၍ အစားအသောက်ကို ဖွယ်ဖွယ်ရာရာ ချက်ပြုတ်မစားသောက်နိုင်သည့်အတွက် မိမိတွင် အာဟာရဓာတ်ချို့ယွင်းကာ ရင်သွေးအပေါ် နို့လုံလောက်စွာ မတိုက်ကျွေးနိုင်ဖြစ်နေသည်ဟု မင်းပြားမြို့နယ်မှ မလှသိန်းနုက နိရဥ္စရာကို ပြောသည်။

"ငါးသေးသေးလေးကို ဆနွင်းမှုန့်လောက်နဲ့ပဲ ချက်စားရတယ်။ ဆီဈေးကြီးတော့ ငါးကြော်တွေ မစားနိုင်ဘူး။ ကလေးက နေမကောင်းတာလည်းရှိတယ်။ ပြီးရင် ထမင်းလည်းသိပ်မစားရတော့ နို့တိုက်ပေးရတယ်။ နို့တိုက်ပြီးရင် ကိုယ်က အားလျော့သလို ခန္ခာကိုယ်တွေ နွမ်းခွေပြီး မလုပ်ချင်မကိုင်ချင်သလိုခံစားရတယ်။ တစ်ခါတလေ မုန့်စားချင်လည်း ပိုက်ဆံမရှိလို့ မစားရဘူး" ဟုပြောသည်။

မွေးကင်းစကလေးများအတွက် မိခင်နို့သည် မရှိမဖြစ်လိုအပ်သလို မီးဖွားခါစ မိခင်တစ်ဦးအနေဖြင့်လည်း သင့်တော်သည့်အစာအာဟာရဓာတ်စာများကို လုံလောက်စွာ စားသောက်ရန်လိုအပ်သည်။

သို့သော်လည်း လိုအပ်သည့်အစားအစာများ စားသောက်ရန် ငွေကြေးမတတ်နိုင်၍ အခက်အခဲဖြစ်နေသည်ဟု မြေပုံမြို့နယ်၊ ဒိုင်းပုံကျေးရွာမှ ရက်သားအရွယ် မွေးကင်းစကလေး၏မိခင် မသန်းသန်းနုက ပြောသည်။



"ကလေးကိုနို့တိုက်ဖို့အတွက် အာဟာရပြည့်ဝဖို့လိုတာပေါ့။ အခုက အာဟာရပြည့်ဝအောင် ဝဝလင်လင် မစားနိုင်ဘူး။ ကလေးကလည်း ၁၈ ရက်ပဲရှိပါသေးတယ်။ နို့ထွက်နှုန်းတွေက နည်းတယ်။ ကျွန်မကလည်း ကလေးမွေးခါစဆိုတော့ အားအင်တွေကုန်ခမ်းနေတာလေ။ အာဟာရပြည့်ဝအောင်စားချင်တယ်။ ဒါမှ ကိုယ့်သားသမီးကို ပိုဂရုစိုက်နိုင်မှာပေါ့" ဟု ပြောသည်။

မသန်းသန်းနု၏ခင်ပွန်းမှာ ယခင်က ကျပန်းလုပ်ကိုင်စားသူတစ်ဦးဖြစ်ပြီး လက်ရှိတွင် ဘေးတွဲဆိုင်ကယ် မောင်းနှင်ကာ မိသားစုကို ကျွေးမွေးနေသူဖြစ်သည်။

သို့သော်လည်း ကုန်ဈေးနှုန်းကြီးမားခြင်း၊ အလုပ်အကိုင်အဆင်မပြေခြင်းကြောင့် တစ်နေ့ဝင်ငွေနှင့် လောက်ငမှုမရှိကြောင်း သူမက ပြောသည်။

မောင်တောမြို့နယ်မှ ၉ လအရွယ် ကလေးမိခင်တစ်ဦးကလည်း လက်ရှိတွင် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသည့်အတွက် အဘက်ဘက်က ဒုက္ခကြုံနေရသည်ဟု ပြောသည်။

အလုပ်လည်းမလုပ်နိုင်သလို ဝင်ငွေလည်းမရှိ၍ ကလေးများအတွက် လိုအပ်သည့် နို့ဗူးများ၊ လေဆေး၊ အားဆေးများပင် ဝယ်မတိုက်နိုင်သလို မိခင်တွင်လည်း လုံလောက်သည့် အစာအစာများကို မစားသောက်နိုင်ဖြစ်နေရသည်ဟု ပြောသည်။

"အခုချိန်မှာ အမေက အာဟာရပြည့်အောင် မစားရတော့ နို့လိုသလောက်မရဘူး။ အဲတော့ ကလေးက အာဟာရချို့တဲ့လာဖို့ပဲဖြစ်လာမှာ။ ၉ လကလေးတစ်ယောက်က ၆ လကလေး တစ်ယောက်လို ဖြစ်နေတယ်။ ဒုက္ခတွေထဲမှာ ကလေးအမေက ပို ဒုက္ခရောက်တယ်။ နို့ဗူးဝယ်ဖို့မတတ်နိုင်ဘူး။ တတ်နိုင်လည်း ရှာမရဘူး။ ဆေးဆိုလည်း လေဆေး၊ အားဆေးတောင် ဝယ်မပေးနိုင်ဘူး။ အဝတ်အစားလည်း မတတ်နိုင်ဘူး။ ဒီကလေးတွေကို ဘယ်လိုကျန်းမာအောင်ထိန်းသိမ်းရမလဲ။ ကြီးပြင်းအောင် ပြုစုရမလဲ စိုးရိမ်နေရတယ်"ဟု ပြောသည်။

မွေးကင်းစကလေးများတွင် မွေးပြီးစမှ ၆ လအတွင်း ကျန်းမာစွာ ကြီးထွားစေရန် အဓိကအရေးပါဆုံး အာဟာရအရင်းအမြစ်မှာ မိခင်နို့ရည်ပင် ဖြစ်သည်။



မိခင်နို့ရည်ကို အဆင့်သုံးဆင့်ခွဲခြားထားပြီး နို့ဦးရည်၊ ကလေးမီးဖွားပြီး နှစ်ပတ်အတွင်းထွက်သည့်နို့ရည်နှင့် ယင်းနောက်ပိုင်း ထွက်လာသည့်နို့ရည်ဟူ၍ဖြစ်သည်။

နို့ဦးရည်သည် ကိုယ်ဝန်ဆောင်စဉ်ကာလတွင် ဖြစ်ပေါ်ကာ အဝါရောင် (သို့မဟုတ်) ပျစ်နှစ်သောအရောင်ရှိပြီး ကလေးငယ်အတွက် အသားဓာတ်၊ အဆီတွင်ပျော်ဝင်သော ဗီတာမင်များ၊ သတ္တုဓာတ်များနှင့် ကိုယ်ခံအားအတွက် အရေးပါသည့်ပစ္စည်းများပါဝင်သည်။

ကလေးငယ်အတွက် ကိုယ်ခံအားကောင်းစေသည့် ပဋိပစ္စည်းများလည်းပါဝင်ပြီး ကလေးငယ်ကို ဘတ်တီးရီးယားများ၊ ဗိုင်းရပ်စ်များကြောင့် ဖျားနာမှုများမှ ကာကွယ်ပေးသည်။

ဒုတိယအဆင့်အနေဖြင့် နို့ဦးရည်ထွက်ပြီးနောက် နှစ်ပတ်အတွင်းထွက်သည့် နို့ရည်သည် နို့ချိုတိုက်ကျွေးသည့်အချိန်မှစ၍ဖြစ်ပေါ်လာပြီး ယင်းနို့ရည်တွင် အဆီများ၊ လက်တို့စ်(ခေါ်) သကြားဓါတ်နှင့် ရေတွင်ပျော်ဝင်သော ဗီတာမင်များပါဝင်သလို နို့ဦးရည်ထက် ကယ်လိုရီများစွာလည်း ပါဝင်သည်။

တတိယအဆင့်အနေဖြင့် မီးဖွားပြီး နှစ်ပတ်နောက်ပိုင်းထွက်သော နို့ရည်ပင်ဖြစ်သည်။

ထိုနို့ရည် စထွက်ခါစတွင် အဆီများမပါဝင်၍ ကြည်နေတတ်ကာ နောက်ပိုင်းမှ အဆီများပါလာ၍ ပျစ်နှစ်လာသည်ဟု သိရသည်။

ယင်းနို့ရည်၏ ၉၀ ရာခိုင်နှုန်းသည် ရေများဖြစ်၍  ကလေးကို ရေဓာတ်ပြည့်ဝနေစေရန် အထောက်အကူပြုပေးသည်ဟု သိရသည်။

အခြား ၁၀ ရာခိုင်နှုန်းမှာ ကလေးကြီးထွားမှုနှင့် စွမ်းအင်တို့အတွက် ကစီဓာတ်များ၊ အသားဓာတ်များနှင့် အဆီများပါဝင်သည်ဟု သိရသည်။

ဆက်စပ် သတင်းများ