Preview

ရခိုင်ရှိ သမိုင်းဝင်တောင်များတွင် ကျောက်လုံး၀မထုတ်ကြရန် AA အမိန့်ထုတ်

အောက်တိုဘာ ၃၁/ ၂၀၂၄ | ကြည့်ရှုသူ :1827
ရခိုင် သတင်း

မောင်စာဂ၊နိရဥ္စရာ၊ အောက်တိုဘာ ၃၁/၂၀၂၄

ရခိုင်ပြည်အတွင်းရှိရှေးဟောင်းသမိုင်းဝင်တောင်နဲ့ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေတွေမှာ ကျောက်ထုတ်ယူ တူးဖော်ခြင်းများလုံး၀မပြုလုပ်ကြရန် အာရက္ခတပ်တော်(AA)ကအမိန့်ထုတ်ထားသည်ဟု သိရသည်။

AA သည် ရခိုင်ပြည်အတွင်း မြို့အများကိုသိမ်းပိုက်ထိန်းချုပ်ထားချိန်ကပင် ယခုကဲ့သို့ ကျောက်မထုတ်ရန်နှုတ်နှင့်တစ်မျိုး၊ စာဖြင့်တစ်ဖုံ အမိန့်ထုတ်ထားခြင်းဖြစ်ပြီး ထိုအမိန့်အား ဖောက်ဖျက်ကျူးလွန်ပါကထိရောက်စွာအရေးယူမည်ဟုလည်း သတိပေးထားသည်။

ရခိုင်ရှိAA အရာရှိတစ်ဦးက "ကျနော်တို့နယ်မြေဘက်မှာတော့စာနဲ့ထုတ်ပြန်ထားတာမရှိဘူး။ ဒါပေမဲ့နှုတ်နဲ့တော့ထုတ်ပြန်တားမြစ်ထားတာရှိပါတယ်"ဟု နိရဥ္စရာကို ပြောသည်။

ကျောက်တော်မြို့မှနေ၍ ရှေးဟောင်းသမိုင်းဝင် တန်ခိုးကြီးမဟာမုနိဘုရားသို့သွားရာ စစ်တွေ-ရန်ကုန်ကားလမ်းမပေါ်ရှိသမိုင်းဝင် တောင်ပေါက်ကြီးတောင်တန်းတွင်လည်း ကျောက် လုံး၀မတူးရန်နှင့်တူးဖော်ပါက အရေးယူမည်ဟု AA ကဆိုင်းဘိုးထောင်ကာ သတိပေးတားမြစ်ထားသည်ကို တွေ့၇သည်။

ထိုသတိပေးစာတွင် "တောင်ပေါက်ကြီးတောင်တန်းသည်သမိုင်းဝင်တောင်တန်းဖြစ်၍ တောင်ပေါက်ကြီးတောင်တန်းမှကျောက်တူးဖော်ထုတ်ယူခြင်း လုံး၀(လုံး၀)ခွင့်မပြု၊ တောင်ပေါက်ကြီးတောင်တန်းမှသစ်ပင်များအား ခုတ်ယူခြင်း လုံး၀(လုံး၀)ခွင့်မပြု၊တွေ့ရှိပါက ထိရောက်စွာ အရေးယူခြင်းခံ၇မည်။ ပုံ/ အမှတ်(၅)နယ်မြေအုပ်ချုပ်ရေးရုံး၊ဗီတာ(၁)စစ်ဒေသ၊ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ"ဟု ရေးသားဖော်ပြထားသည်။



တောင်ပေါက်ကြီးတောင်တန်းမှရခိုင်တို့၏ အဖိုးမဖြတ်နိုင်သည့် ရှေးကျသော၊ တောင်ပေါက်ကြီးကျောက်စာဟုထင်ရှားသောသမိုင်းဝင်ကျောက်စာတစ်ချပ်ကို တူးဖော်ရရှိခဲ့ဖူးသည်။

ထိုကျောက်စာသည်၇ခိုင်သမိုင်းတွင် ဓည၀တီရခိုင်ပြည်သို့ဗုဒ္ဓဂေါတမ ကြွရောက်လာမှုနှင့် ရခိုင်ဒေသ၌ ထေရဝါဒဗုဒ္ဓဘာသာကို စတင်ကိုးကွယ်မှုတို့ကို ရေးထိုးထားခြင်းဖြစ်သည်။

ဗြဟ္မီအက္ခရာဖြင့်ရေးထိုးထားခြင်းဖြစ်ပြီး ဘီစီ(၈)ရာစုမှ(၆)ရာစုကြား ၇ခိုင်တို့၏ ဓည၀တီခေတ်တွင် ရေးထိုးခဲ့ခြင်းဖြစ်နိုင်သည်ဟုသမိုင်းပညာရှင်များက ခန့်မှန်းထားကြသည်။

၁၉၃၀ပြည့်နှစ်နောက်ပိုင်း ဂုဏ်ထူးဆောင် ကျောက်စာဝန်ကြီး ဦးစံရွှေဘုနှင့် တပည့် ၇ခိုင်-မြန်မာ ပဏ္ဍိတ် ဦးဦးသာထွန်းတို့ကစတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ရခိုင်တွင်ယခုကဲ့သို့ ရှေးဟောင်းသမိုင်းဝင်ရုပ်ဝတ္ထုပစ္စည်းများနှင့် ဆက်စပ်နေသည့် တောင်တန်းများပေါ်မှကျောက်တူးဖော်ထုတ်ယူပါက ရခိုင့် ရှေးဟောင်းယဥ်ကျေးမှုအမွေအနှစ်များပျက်စီးဆုံးရှုံးသွားနိုင်၍ AA က ယခုကဲ့သို့ တားမြစ်မှုမှာ သဘာ၀ကျသည်ဟုရခိုင်သမိုင်းသုတေသီမောင်ဖြူ(ကြွီတဲကျွန်း)က နိရဥ္စရာကို ပြောသည်။

"ဒါက သဘာ၀ကျပါတယ်။ ကျောက်တွေထုတ်ပစ်တယ်ဆိုရင် မြေဆီလွှာ၊မြေသားတွေ အဲဒီပတ်ဝန်းကျင်မှာရှိနေတာတွေ၊အခုဆိုရင် ပုဏ္ဏားကျွန်းမှာ ဟိုနှစ်ကအဲလိုတောင်တွေပြိုကျလို့စတူပါတွေထွက်ပေါ်ခဲ့တာတွေရှိတယ်။ အဲလို ရှေးဟောင်းရုပ်ဝတ္ထုတွေရှိတဲ့နေရာနားတွေမှာဆိုရင်တော့ တားမြစ်ထားတာက အကောင်းဆုံးပါ။ကျနော်တို့မှာ တစ်ချိန်ချိန်မှာ ဒါတွေကို မဖြစ်မနေလုပ်လာရမှာ၊ဖော်ထုတ်လာရမှာရှိတဲ့အတွက်လေ။ ကျောက်တူးပစ်လိုက်ရင် မပျက်စီးသင့်တာတွေ ပါသွားရင်၊ပျက်စီးသွားရင် တိုင်းပြည်အတွက်၊ နိုင်ငံအတွက်လည်းအရမ်းဆုံးရှုံးမှုဖြစ်တယ်။ လူမျိုးအတွက်လည်း အရမ်းနစ်နာမှုဖြစ်ပါတယ်"ဟုပြောသည်။



ပုဏ္ဏားကျွန်းမြို့နယ်၊ ဂူ၀ဘုရားအလွန် ၄ ဖာလုံခန့်အကွာ ရန်ကုန်ဘက်သို့အသွား ရန်ကုန်-စစ်တွေ ကားလမ်းမဘေးရှိ ဦးသန်းရွှေကြီးပိုင်ဆိုင်သည့် တောင်မြေတွင် မိုခါကြောင့် ပြိုလဲသွားသည့် သစ်ပင်အား ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ မေလ ၂၆ ရက်၊ညနေပိုင်းက ရှင်းလင်းတူးဖော်ရာမှ ကျောက်ကိုထွင်းထုထားသည့် ရခိုင့်ရှေးဟောင်းလက်ရာ စတူပါ ၅ ဆူကိုတွေ့ရှိခဲ့ခြင်းဖြစ်သည်။

အကြီးတစ်ဆူမှာ အမြင့် သုံးပေခန့်နှင့် အငယ်လေးဆူမှာ အမြင့် နှစ်ပေခွဲခန့်ရှိပြီး  အငယ်လေးဆူအနက် ပျက်စီးယိုယွင်းပြီး အပိုင်းအစများဖြစ်နေသည့် တစ်ဆူပါဝင်သည်။

အဆိုပါစတူပါများ၏ အလယ်ဖောင်းရစ်တွင် ၇ခိုင်တို့၏ ဝေသာလီခေတ်ဖြစ်သော အေဒီ ၅ ရာစုအတွင်းကသုံးစွဲသည့် ရခိုင်အက္ခရာအသုံးအနှုန်းများကို ရေးထွင်းပါရှိပြီး စတူပါများ၏ ကြန်အင်လက္ခဏာများနှင့်ပြည့်စုံ၍ ဝေသာလီခေတ် ရှေးဟောင်း လက်ရာဖြစ်သည်ဟု ရခိုင်သမိုင်းပညာရှင်များကခန့်မှန်းထားကြသည်။

ရခိုင်ဘုရင့်မင်းနေပြည်တော်ဖြစ်ခဲ့သည့် မြောက်ဦးမြို့ရှိသမိုင်းဝင်တောင်တန်းများ၊ ကျောက်တော်မြို့နယ်ရှိ တောင်ပေါက်ကြီးတောင်တန်း၊ကံစောက်တောင်တန်းများ၊ မင်းပြားမြို့အနီးရှိ သမိုင်းဝင် ကျိန်းတောင်တောင်တန်းများအပါအဝင် ရခိုင်ပြည်အနှံ့ရှိ ရှေးဟောင်းအမွေအနှစ်များရှိသည့်တောင်များကိုယခင်ခေတ်အဆက်ဆက် အစိုးရလက်ထက်ကဖြိုချ၍ ကျောက်တူးယူခဲ့မှုများရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ယင်းကြောင့်ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ပျက်စီးဆုံးရှုံးမှုများနှင့် သဘာ၀ပတ်ဝန်း ကျင်ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်းလည်း သမိုင်းသုတေသီများနှင့်ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်သူများက ပြောဆိုကြသည်။

တောင်များကိုဖြိုရာတွင်အစိုးရ၏တည်ဆောက်ရေးလုပ်ငန်းအတွက်တူးဖော်ခြင်း၊ ဒေသဖွံ့ဖြိုးရေးအတွက်တူးဖော်ခြင်းနှင့်ပုဂ္ဂလိကစီးပွားရေးအရ တူးဖြိုခြင်းများရှိသည်။

တူးဖြိုရာတွင်လည်းဒေသအာဏာပိုင်များ၏ တရားဝင်လိုင်စင်ဖြင့်တူးဖြိုခြင်းများရှိသလိုလိုင်စင်မရှိဘဲ တရားမဝင်တူးဖြိုခြင်းများလည်းရှိသည်ဟု သိရသည်။

သို့သော်ရှေးဟောင်းယဥ်ကျေးမှုနှင့်ဆိုင်သည့် ရုပ်ဝတ္ထုသက်သေများနှင့်စာပေသက်သေများမရှိသည့်တောင်များရှိကျောက်များကိုဆိုလျှင်ဒေသဖွံ့ဖြိုးရေးအတွက် အမှန်တကယ်လိုအပ်ပါက ထုတ်ယူသုံးစွဲသင့်သည်ဟုလည်း၇ခိုင်သမိုင်းသုတေသီ မောင်ဖြူ(ကြွီတဲကျွန်း)ကပြောသည်။

ဓာတ်ပုံ- တောင်ပေါက်ကြီးတောင်တန်းတွင်ကျောက်ထုတ်ယူမှုကို AA ကတားမြစ်ထားသည့် ဆိုင်းဘိုးအား၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၄ ရက်က တွေ့၇စဥ်။

ဓာတ်ပုံ- ၂၀၁၈ ခုနှစ်အတွင်းက မင်းပြားကျိန်းတောင်တွင် ကျောက်ထုတ်ခဲ့သည်ကို တွေ့၇စဉ်/ Photo - မူရင်းပိုင်ရှင်)

#ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.